ဇန်နဝါရီ ၁၀

မည်သည့်အချိန်မှာပြောပြော မြန်မာနိုင်ငံအတွက် အရေးအပါဆုံး ဖြစ်နေသည့် ခေါင်းစဉ်မှာ ငြိမ်းချမ်းရေးဖြစ်၏။

ပဒေသရာဇ်ခေတ် စစ်ဘုရင်တို့ အင်အားပြကြ၊ စစ်သွေးစစ်မာန်များ ထကြွကြဆိုသည့် အချိန်များကစလို့ ကိုလိုနီခေတ်လည်း ကိုလိုနီခေတ်အလျောက်၊ ဖက်ဆစ်ခေတ်လည်း ဖက်ဆစ်ခေတ်အလျောက် စစ်တိုက်ခဲ့ကြရသည့် နိုင်ငံ။ လွတ်လပ်ရေးရပြီး ခေတ်ကျတော့လည်း များစွာသော အကြောင်းအမျိုးမျိုးတို့ဖြင့် ပြည်တွင်းစစ်ကို မနားမနေ အပြန်အလှန် လှည့်ကာပတ်ကာ တိုက်ခိုက်ကြရပြန်၏။

မတိုက်မဖြစ် တိုက်ခဲ့ရသော စစ်ပွဲများ၊ ကျူးကျော်လာသူများကု တော်လှန်ရသည့် စစ်ပွဲများ၊ ရက်စက်ဖိနှိပ်သူတို့ကို မဖြစ်မနေ တွန်းလှန် တုံ့ပြန်ရသည့် စစ်ပွဲများ စသည်ဖြင့် မြောက်မြားလှစွာသောအကြောင်း အမျိုးမျိုးဖြင့် စစ်ပွဲများကြားမှာ မြန်မာပြည်သူတို့ နေခဲ့ရသည်။

တရားသောစစ်ပွဲ၊ မတရားသောစစ်ပွဲ မည်သို့သော စစ်ပွဲမဆို မည်သို့သော အကြောင်းဖြင့် တိုက်ခဲ့ရသည်ဖြစ်စေ စစ်ဘေးစစ်ဒဏ် ဟူသည်ကတော့ ကောင်းစရာအကြောင်းမရှိ။ စစ်ဘေးစစ်ဒဏ်ကို နည်းမျိုးစုံဖြင့် ခံစားထိခိုက်နေရသော ပြည်သူတို့အတွက်မူ ကောင်းစရာ အကြောင်းမရှိ။

အထူးသဖြင့်တော့ စစ်ပွဲဖြစ်ပွား နေရာဒေသများ။

အထူးသဖြင့်တော့ နယ်စွန်နယ်ဖျား နယ်စပ်ဒေသများ။

အထူးသဖြင့်တော့ ထိုနေရာများမှ ကလေးသူငယ်များ။

စစ်ဘေး စစ်ဒဏ်တို့၏ ကြားထဲတွင် မွေးဖွားကြီးပြင်း နေထိုင်လာခဲ့ရသော ကလေးသူငယ်များအဖို့မူ စစ်ဟူသည် ငရဲပါပဲ။ စစ်ဟူသည် ဘယ်တော့မှ ပြန်မနိုးနိုင်သည့် အိပ်မက်ဆိုးမျှသာပါပဲ။ ထိုကလေး ငယ်များအဖို့ ကျောင်းတက် ပညာသင်ဆိုခြင်းမှာ ဘာမှန်းဆိုသည်ကိုပင် သိဖို့မလွယ်။ စားရေး၊ သောက်ရေး၊ ဝတ်ရေး နေရေး၊ ကျန်းမာရေး ကုသရေး ဆိုတာတွေအသာထား ကလေးတို့ ဘဝကစားကြဆော့ကြ ဆိုသည်ကိုပင် စိတ်အေးလက်အေး ဆော့ကစားနိုင်ရန်မလွယ်။

နယ်စွန်နယ်ဖျား နယ်စပ်ဒေသတို့မှာက ဟိုဘက်သည်ဘက် ကူးလူးလိုက်ကာမျှနှင့် နိုင်ငံနယ်နိမိတ် စည်းမျဉ်းများကို ကျော်လွန်သွားရသည် ဖြစ်သောကြောင့် ရှောင်ရတိမ်းရ လွယ်သည်လည်း ရှိပါမည်။ ထို့အတူ ဟိုဘက်နယ်နိမိတ်နိုင်ငံများက စစ်ရေး လက်နက်အင်အားနှင့် နေရေးထိုင်ရေး ကူညီပေးမှုများကြောင့်လည်း ရှိပါမည်။ ပြီးတော့ နယ်စွန်နယ်ဖျားရှိ တိုင်းရင်းသား လူမျိုးစုတို့၏ တိုးတက်ဖွံ့ဖြိုးမှုက အလွန်အမင်း နောက်ကျကျန်ရစ်နေခဲ့သည်ကလည်း အတော်ပင် အခြေခံကျသည့် အကြောင်းရင်း ဖြစ်ပါမည်။

ဤသည်တို့အတွက် အတိတ်ကို ပြန်လှန်ပြောဆိုဝေဖန်ကြရ မည်ဆိုလျှင်လည်း မဆုံးနိုင်သော တစ်ထောင့်တစ်ည ပုံပြင်များပင် ဖြစ်ရော့မည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် လုပ်ရမည့်အစား တိုင်းပြည်ဘဏ္ဍာငွေများကို အလွဲသုံးစား လုပ်ခဲ့သည့် ပုံပြင်များက ဖန်တစ်ရာတေအောင် ကြားနေရသည့် ကလီရှေးများပင် ဖြစ်နေခဲ့ပြီ။
အမှန်တော့ တိုင်းပြည်တိုးတက်ရေးဆိုရာတွင် ယခုလို ဝေးလံသီခေါင်သော ကျေးလက်တောရွာများကို အထူးတလည် စဉ်းစားပေးရမည် မဟုတ်ပါလား။ နယ်စပ်ဒေသများက တိုင်းရင်းသားတို့၏ ဒေသဆိုင်ရာဖွံ့ ဖြိုးရေးကို ဦးစားပေးလုပ်ဆောင်ရ မည်ကလည်း ငြိမ်းချမ်းရေးအတွက် အရေးပါသော လုပ်ငန်းစဉ်များပါပေ။

ယနေ့ကာလက ရောက်သည့်နေရာမှစကာ အတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံး အခြေအနေထဲက အကောင်းဆုံးကို စေတနာမှန်မှန် ညီညီညွတ်ညွတ်ဖြင့် ဆင်ခြင်သုံးသပ်ကာ ငြိမ်းချမ်းရေးအတွက် အတူပူးပေါင်းဆောင်ရွက်ရမည့် အချိန်မဟုတ်ပါလော။