နေပြည်တော်  ၂၈  ဇန်နဝါရီ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ချမှတ်ထားသောမူဝါဒ၊ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်များနှင့်အညီနယ်စပ်ဒေသများအသီးသီးမှ လူငယ်မောင်မယ်များကိုနှစ်စဉ်ဖိတ်ကြား ခေါ်ယူ၍ လေ့လာရေးခရီးစဉ်များစီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဇန်နဝါရီ (၂၈) ရက်မှ (၃၁) ရက်အထိ နေပြည်တော်နှင့်ပတ်ဝန်းကျင်သို့ ဆဋ္ဌမအကြိမ် လေ့လာရေးခရီးစဉ် ရောက်ရှိလာကြသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်၊ နန်းယွန်းဒေသမှ လူငယ်မောင်မယ် (၃၀) ၊ မွန်ပြည်နယ် သထုံ၊ ချောင်းဆုံဒေသမှ လူငယ်မောင်မယ် (၃၀) ၊ ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်းဒေသမှ လူငယ်မောင်မယ် (၃၀)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး၊ ကွတ်ခိုင်၊ သီပေါဒေသမှ လူငယ်မောင်မယ် (၃၀) ၊ တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီ၊ ထားဝယ်ဒေသမှ လူငယ်မောင်မယ် (၃၀) ၊ စုစုပေါင်းလူငယ်မောင်မယ် (၁၅၀) တို့သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိသတ္တသတ္တာဟ မဟာဗောဓိစေတီတော် (ဗုဒ္ဓဂါယာ) သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြရာဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသ ပြီး လေ့လာရေးအဖွဲ့များမှ အလှူငွေများထည့်ဝင်လှူဒါန်းခဲ့သည်။

 

11

 

ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းသို့ သွားရောက်လေ့လာရာ အဆင့်မြင့်နည်းပညာဖြင့် မြေလွှာမဲ့ ဟင်းသီး ဟင်းရွက်များစိုက်ပျိုးဖြစ်ထွန်းနေမှုများ၊ စိုက်ပျိုးရေးသုတေသနမျိုးစေ့များအကြောင်းကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များမေးမြန်းခဲ့ကြသည်။

 

22

 

ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် တိရိစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်များသို့သွားရောက်လေ့လာခဲ့ကြသည်။

 

လေ့လာရေးအဖွဲ့ဝင်များသည် ဇန်နဝါရီ (၂၇) ရက် နံနက်ပိုင်း၌ နေပြည်တော်သို့ ရောက်ရှိခဲ့ကြရာရွာတော်တည်ခိုရေးနှင့်စစ်ကြောရေးစခန်းတွင် စနစ်တကျ နေရာချထား ပေးပြီးယင်းနေ့ ညနေပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အိပ်ဆောင်များ၊ ထမင်းစားဆောင်များကိုလိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

33