၂၅ ဇန်နဝါရီ
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့အပြား မူးယစ်ဆေးဝါးဖမ်းမိသည့် သတင်းများကို အများအပြား တွေ့မြင့်ခဲ့ကြရသည်။ ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ သတင်းအရ သိန်းနီနှင့် ကွတ်ခိုင်မြို့တို့တွင် ကျပ်ဘီလီယံ ၇၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပေသည်။ မူးယစ်ဆေးဝါးဖမ်းမိ သတင်းများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး စသည်ဖြင့် နေရာအနှံအပြားတွင် တွေ့မြင်ရခြင်းဖြစ်ပြီး တရုတ်နယ်စပ်၊ ထိုင်နိုင်ငံနယ်စပ်နှင့် ဘင်္ဂလားရှေ့ဒ် နယ်စပ်တို့တွင် များပြားစွာ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
နှစ်ချုပ်စာရင်းများတွင် ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၇ မှု ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၁၁၀ ကျော် ဖမ်းမိခဲ့သည်။ ယင်းဖမ်းဆီးမှုများတွင် မူးယစ်ဆေးဝါးများကို တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန်သွားစဉ် နတ်မြစ်အတွင်း ဖမ်းဆီးရမိမှုများလည်း ပါဝင်သည်။ မောင်တောမြို့နှင့်ကပ်လျက်ရှိသော ဘင်္ဂါလီရွာများမှ ဖမ်းဆီးရမှုများလည်း ပါဝင်ပါသည်။ ထိုနယ်စပ်ဒေသတွင် နေ့ချင်းညချင်း ချမ်းသာလာသူများမှာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်နေသူများသာ ဖြစ်သည်ဟု ဆိုကြသည်။ မောင်တောခရိုင်အတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလက စခန်းသုံးခု တိုက်ခိုက်ခံရခြင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း စခန်း ၃၀ ကျော် တိုက်ခိုက်ခံရသော ဖြစ်စဉ်များ ရှိခဲ့သည်။ ထိုသို့နယ်မြေ မအေးချမ်း မတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ စိတ်ကြွရူးသွပ်ဆေးပြား ကုန်ကူးမှု တွင်ကျယ်လာခဲ့ခြင်းဖြစ်သည်။
မြန်မာ့သယံဇာတများအနက် အဖိုးတန်ရတနာတစ်ခုဖြစ်သော ကျောက်စိမ်းထွက်ရှိရာ ဖားကန့် မြို့နယ်သည်လည်း မူးယစ်ဆေးဝါးပျံနှံ့သုံးစွဲမှုတွင် နာမည်ကြီးသော နေရာဖြစ်သည်။ ထိုမြို့နယ်၌ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အမှု ပေါင်း ၃၈၃ မှုနှင့် တရားခံ ၄၇၂ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု သိရသည်၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ ဘိန်းဆီခဲ၊ ဘိန်းရည်၊ စိတ်ကြွရူးသွပ်ဆေး စသည်ဖြင့် မူးယစ်ဆေး အမျိုးအစားခြောက်မျိုး စုစုပေါင်း အလေးချိန်ကီလို ၇၅၀ ကျော် ဖမ်းမိခဲ့သည်ဟု သိရသည်။ ဖားကန့်မြို့နယ်တွင် ပျံကျအလုပ်သမား၊ ရေမဆေးကျောက်ရှာသူများ သိန်းနှင့်ချီ၍ နေထိုင်လျက်ရှိရာ မူးယစ်ဆေးဝါး ပျံနှံ့မှုမှာ လွန်ခဲ့သော နှစ်များစွာကစ၍ ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံးစာရင်းချုပ်အရ မူးယစ်ဆေးဝါး အမှုပေါင်း ၉၅၄၄ မှုမှ မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၃၅၃ ဒသမ ၆ ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါသည်။ ထိုဖမ်းမိစာရင်းတွင် ဘိန်း ၁၂၅၆ ကီလို၊ ဘိန်းဖြူ ၅၇၀ ဒသမ ၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၂၈ သိန်းကျော်၊ ဆေးခြောက် ၁၉၈ ဒသမ ၈ ကီလိုနှင့် အိုက်စ် ၁၁၀၇ ကီလို ပါဝင်သည်။ ၂၀၁၇ ခုနှစ် တစ်နိုင်ငံလုံးအတွက် ဖမ်းမိသော အမှုပေါင်း ၉၅၄၄ မှုမှ တရားခံအမျိုးသား ၁၂၄၀၅ ဦးနှင့် တရားခံ အမျိုးသမီး ၁၅၉၅ ဦး စုစုပေါင်း တရားခံ ၁၄၀ဝ၀ ကို အမှုဖွင့် အရေးယူခဲ့သည်ဟု သိရသည်။
ကမ္ဘာတွင် မက္ကဆီကိုနိုင်ငံသည် မူးယစ်ဆေးကုန်ကူးမှုတွင် နာမည်ကြီးသည်။ စာရင်းများအရ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော ရာဇဝတ်မှုများ၊ ဂိုဏ်းတိုက်ပွဲများကြောင့် သေဆုံးသူ ၂၅၀ဝ၀ ကျော်ရှိသည်ဟု ဆိုပါသည်။ ၂၀၁၆ ခုနှစ်က ၂၀ဝ၀ဝ စွန်းစွန်းသာ ရှိခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း မူးယစ်ဆေးဝါး နှိမ်နင်းမှုကြောင့် လူပေါင်း ၆၀ဝ၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။
မူးယစ်ဆေးဝါး ပြဿနာမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးနိမ့်ကျမှု၊ တရားဥပဒေစိုးမိုးခြင်း အားနည်းမှု စသည်တို့နှင့် တိုက်ရိုက်ဆက်နွယ် ပတ်သက်နေကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း နယ်စပ်ဒေသများ မတည်ငြိမ်၊ မအေးချမ်းမှု၊ တရားဥပဒေ မစိုးမိုးမှုတို့ကြောင့် ဒေသတွင်း မူးယစ်ဆေးဝါးအများအပြား တွေ့ရှိဖမ်းမိရာနေရာ ဖြစ်နေရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု၊ နယ်စပ်ဒေသများ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးများ ဆောင်ရွက်ခြင်းနှင့် အမျိုးသားရေး အသွင်ဖြင့် စီမံချက်များ ချမှတ်ဖမ်းဆီးအရေးယူခြင်း ပေါင်းစပ်ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။
မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)