နေပြည်တော် ဩဂုတ် ၂၁

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားရှိသည့် တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက မိမိတို့ဆပ်ကော်မတီအနေဖြင့် လမ်း၊ တံတားနှင့် အဆောက်အဦဆိုင်ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးအတွက်လည်း စိစစ်ကြပ်မတ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းလျာထားချက်များ တင်ပြရာတွင် ယခင် ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုမှုအပေါ် အခြေခံပြီး လျာထားဆောင်ရွက်သွားကြရန်နှင့် နယ်မြေအခြေအနေ အပေါ်မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသင့်သည့်ဒေသများတွင် ဦးစားပေး လျာထားစေလိုပါကြောင်း။

 

လုပ်ငန်းဆပ်ကော်မတီဝင်များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းများထပ်ခြင်း ရှိ/မရှိစိစစ်ရန်၊ မဖြစ်မနေအမြန် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဦးစီးဌာနများ ပေါင်းစပ်ဆောင်ရွက်သင့်သည့် စီမံကိန်းလုပ်ငန်းများကို ဦးစားပေးအလိုက် လျာထားနိုင်ရေး ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်း စိစစ်ဆောင်ရွက်သွားကြရန်၊ ဘဏ္ဍာငွေ အလေအလွင့်နည်းပါးစေရေးတို့အတွက် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားကြရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးရေး ကြပ်မတ် ဆောင်ရွက်သွားရန်၊ စီမံကိန်းလုပ်ငန်းများ လျာထားခြင်း၊ အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်ရာတွင် ထိရောက်သော ငွေကြေးသုံးစွဲမှု ဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အရည်အသွေး ပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက ဌာနအလိုက်၊ ဒေသအလိုက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလျာထား ဆောင်ရွက်မှုအခြေအနေများနှင့် နှစ်ဆက်လုပ်ငန်းများအတွက် ဆက်လက်လျာထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးအကြံပြုတင်ပြကြရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်