နေပြည်တော် ဇူလိုင်  ၁၄

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းဆပ်ကော်မတီ များနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများမှ ရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကို စိစစ်ပြီး ဗဟိုကော်မတီသို့ တင်ပြ၍ ဗဟိုကော်မတီက အတည်ပြုပေးသည့် နှစ်တို၊ နှစ်ရှည်ပင်မစီမံကိန်းများနှင့် လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း စသည့် လုပ်ငန်းစဉ်များကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို အားလုံးတက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များကို ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများအနေဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များ၊ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်း ကော်မတီများ ပြင်ဆင်ဖွဲ့စည်းရန် လျာထားချက်၊ ဆောင်ရွက်ပြီးစီးခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့မှု စာရင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက် သင့်သည့် လုပ်ငန်းအစီအမံများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်း ချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍  ညှိနှိုင်းပေါင်းစပ်ဆွေးနွေးပေးပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)