နေပြည်တော် စက်တင်ဘာ ၂၄
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများ လျာထားခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဌ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများ၊ လုပ်ငန်းဆပ်ကော်မတီဝင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌက တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထား လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာတွင် နေရာဒေသအားလုံးအချိုး မျှတစွာလျာထားဆောင်ရွက် စေလိုကြောင်း၊ မိမိတို့အကောင်အထည်ဖေါ်ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ထားသည့် စီမံကိန်းဝင်ဒေသ ၁၆၉ မြို့နယ်တွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီများအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းစီမံကိန်းများကို နေရာဒေသအကြားအလပ်မရှိ ဆောင်ရွက်နိုင်ရန် အတွက် ပထမဦးစားပေး၊ ဒုတိယဦးစားပေး စသည်ဖြင့်ခွဲခြား၍ လျာထားအကောင်အထည်ဖေါ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာတွင်လည်း ပြည်ထောင်စုမှဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း များနှင့် မထပ်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများနှင့် ဆပ်ကော်မတီဝင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အကြံပြုဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


