လှိုင်းဘွဲ၊ ၁၈ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ ယခင်စစ်မှုထမ်းဟောင်းရွာ (သစ္စာအေးမြိုင်)ရွာ ကတ္တရာလမ်း ပေ (၆၀၀၀) ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအား ခွင့်ပြုရန်ပုံငွေ ကျပ် (၁၉၀ ဒသမ ၈၄၂)သန်းဖြင့် ငွေတောင်တန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ငွေတောင်တန်းကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ဆောင်ရွက်ပေးခြင်းအားဖြင့် မြိုင်ကြီးငူအထူးဒေသအတွင်းရှိ အိမ်ခြေ (၂၆၁၀)အိမ်၊ လူဦးရေ (၁၆၂၄၁)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


