ဖရူဆို၊  ၂၆   ဒီဇင်ဘာ    

 

ကယားပြည်နယ်  လွိုင်ကော်ခရိုင်   ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းအား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၇၅ ဒသမ ၇၃၃ သန်းဖြင့် ဟိုယာကျေးရွာအုပ်စု၊ ဟိုယာ - ဒိုရော အောက်ရွာချင်းဆက်လမ်း အရှည် ၅ မိုင်ရှိသည့်အနက်  ၁ မိုင် ၄ ဖာလုံအား ကျောက်ခင်းခြင်းကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး နှင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းပေါ်တွင် Box Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက် နေခြင်းဖြစ်သည်။

 

ယင်း ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ  ၃ ရွာ၊ အိမ်ခြေ ၁၆၈ အိမ် လူဦးရေ  ၇၅၈ ဦးအား အကျိုးပြုမည်ဖြစ်ပြီး ကယားပြည်နယ်အတွင်း ဖရူဆိုမြို့နယ်၊ ဒီမောဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်သို့ ဆက်သွယ်သွားလာနိုင်မည် ဖြစ်သည်။ အဆိုပါဒေသတွင် ဒေသခံဌာနေ တိုင်းရင်းသားများဖြစ်သည့် ကယော/ပရဲ့ လူမျိုးစုများ နေထိုင်ကြပြီး လမ်းလုပ်ငန်းဆောင်ရွက်ပြီးပါက လူမျိုးစုများ၊ ဆွေမျိုးများ အလွယ်တကူ ကူးလူးဆက်သွယ် သွားလူနိုင်မည်ဖြစ်၍ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နှင့်  ဒေသထွက်ကုန်များလည်း လွယ်ကူလျင်မြန်စွာ ကူးသန်းရောင်းဝယ် နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

ကိုစိုင်း(လွိုင်ကော်)