လှိုင်းဘွဲ ၂၄ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် လှိုင်းဘွဲ မြို့နယ်အတွင်း မိကြောင်-သမို-ရှမ်းရွာသစ်လမ်း(၂၈ မိုင် ၄ ဖာလုံ)အနက် ကျောက်လမ်း (၁မိုင် ၄ ဖာလုံ)၊ မြေသားလမ်း ၂ မိုင်နှင့် အဆိုပါလမ်းပေါ်တွင် ၅ ပေ Box Culvert (၅)စင်း တည် ဆောက်ခြင်း လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၂၆၁ ဒသမ ၃၂၄ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် မိကြောင်-သမို-ရှမ်းရွာသစ်လမ်း( ၂၈မိုင် ၄ ဖာလုံ)အနက် ကျောက်လမ်း ၁ မိုင် ၄ဖာလုံ၊ မြေသာလမ်း ၃မိုင်နှင့် အဆိုပါလမ်းပေါ်တွင် ဘူးကွဲချောင်းကူး RC တံတား(၁၈၀)ပေ (၁)စင်း၊ (၅)ပေ Box Culvert (၁၅)စင်း တည်ဆောက်ခြင်း လုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် ၆၇၈ ဒသမ ၆၇၄ သန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ မိကြောင်-သမို-ရှမ်းရွာသစ်လမ်း ၂၈မိုင် ၄ဖာလုံကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြေသားလမ်း(၁၆)မိုင်နှင့်ကျောက်လမ်း(၁မိုင် ၄ဖာလုံ) ဆောင်ရွက်ပြီးစီးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး တိုးတက်မှုအတွက် များစွာအထောက်အကူပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရှုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်ထံမှ သိရှိရသည်။
ခင်းစန်းမြင့်(ပြန်/ဆက်)


