ဘားအံ အောက်တိုဘာ ၁၄

နယ်စပ်ဒေသရှိ ပုံမှန်ပညာသင်ကြားခွင့်မရသော တိုင်းရင်းသားလူငယ်များအတွက် စက်မှုလက်မှု ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ဘားအံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် သင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိရာ သင်တန်း ၄၁ ကြိမ်တွင် သင်တန်းသား ၉၂၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၇၅၀ မှာ လုပ်ငန်းခွင်ဝင်ရောက်၍ ၈၁ ရာခိုင်နှုန်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပသည့် သင်တန်းဆင်းပွဲတွင် ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၂)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၂)၊ မော်တော်ယာဉ် စက်ပြင်သင်တန်း အမှတ်စဉ်(၁၁)နှင့် ဂဟေသင်တန်း အမှတ်စဉ်(၁၀)တို့မှ သင်တန်းသား သင်တန်းသူ ၆၀ သင်တန်းဆင်းခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် Sustainabridge (SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူးတို့က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် တာဝန်ရှိသူများ က သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် သင်တန်းသားများကို ယ်စား သင်တန်းဆင်း သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံ အလုပ်ရုံများနှင့် သင်တန်းဆင်း သင်တန်းသားများ၏ သင်တန်းဆင်း လက်ရာများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်