ရန်ကုန်  နိုဝင်ဘာ ၉

မြန်မာနိုင်ငံအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွားမှုကျဆင်းလာမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ နယ်စပ်ဂိတ်များ ကိုဖွင့်လှစ်နိုင်မှုသည် နိုင်ငံ၏ကုန်စည်စီးဆင်းမှုကို အကျိုးဖြစ်ထွန်းစေလျက် စီးပွားရေးအကြပ်အတည်း ကုစားမှု အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်လျက်ရှိသည့်  မြန်မာနိုင်ငံ ငါးပိငါးခြောက်အသင်းမှသိရသည်။  

ဘင်္ဂလားဒေ့ချ်နယ်စပ်ကုန်သွယ်ရေးကို အောက်တိုဘာလက ပြန်လည်ဖွင့်လှစ်ခဲ့ရာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုဖြင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ခဲ့ပြီး ရေထွက်ကုန်မျိုးစုံနှင့် ပုစွန်ခြောက်၊ ငါးခြောက်မျိုးစုံအများဆုံး စားသုံးလျက်ရှိသည့် အိမ်နီးချင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံလိုအပ်လျက်ရှိသည့် ကုန်ပစ္စည်းများ ကုန်သွယ်မှုဖြင့် နှစ်နိုင်ငံ၏အကျိုးစီးပွားကို အပြန် အလှန် အထောက်အပံ့ဖြစ် စေလျက်ရှိသည်။

မြန်မာနိုင်ငံ၏‌ ရေထွက်ကုန်များကို ယခုအခါ ထိုင်းနိုင်ငံသို့အများဆုံးတင်ပို့လျက်ရှိရာ နှစ်နိုင်ငံရေထွက်ကုန်စီးဆင်းမှုအဆင်ပြေလျက်ရှိပြီး ငါးပိ၊ငါးခြောက်၊ ပုစွန်ခြောက်ထွက်ရှိ သော မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဂိတ်များဖွင့်လှစ်ခဲ့ပါက ကုန်စည်စီး ဆင်းမှုမြန်ဆန်စေရန် ကုန်ပစ္စည်းများကို အသင့်စုဆောင်ထားရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်ဆိုတာ အညာဒေသကိုလည်းပို့ရတယ်။ သွားလာရေးအဆင်မပြေတော့ကုန်စည် မပို့နိုင်ဘူး။ ဒီမှာဈေးနှုန်းကျပေမယ့်ဟိုမှာ ဈေးက ခေါင်ခိုက်သလိုဖြစ်နေတယ်။ ပြီးတော့ တရုတ်ပြည်ကရေထွက်ကုန်နဲ့ ဆက်စပ်တဲ့ ကုန်ပစ္စည်း မျိုးစုံဝယ်ယူတဲ့နိုင်ငံဖြစ်တာကြောင့် နယ်စပ်ဂိတ်တွေဖွင့်မယ်ဆိုရင် နှစ်နိုင်ငံရဲ့ စီးပွား‌ရေး ပြန်ပြီး အဆင်ပြေနိုင်တယ်။ ကျွန်တော်တို့က အခြားနိုင်ငံတွေလည်း ပို့နေတာ။ အိမ်နီးချင်းနိုင်ငံကဝယ်ယူတဲ့အခါ သူတို့အတွက်အကျိုးရှိသလို ကျွန်တော်တို့လည်း ရောင်းကုန်ပိုသွက်တာပေါ့။ အထူးသဖြင့်ပုစွန်ခြောက်နဲ့ ငါးစီ‌ပေါင်းဟာတရုတ်ပြည်ကို သွားတယ်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ UAE နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံကိုလည်း သွားတယ်။ ကိုဗစ်ရောဂါ ကာလဆိုတော့ ရောဂါထိန်းချုပ်ရေးကိုတော့ အားလုံးဝိုင်းဝန်း လုပ်ဆောင်ဖို့လိုမယ်။ စီးပွားရေးလည်းလုပ်၊ ကျန်းမာရေးလည်းဂရုစိုက်ပေါ့၊ အဲဒီလိုသွားရင် ရန်ကုန်မြို့ရဲ့ စီးပွားရေးပြန်ဦးမော့လာမယ်။ ကုန်ပစ္စည်းတွေကအသင့်ရှိတယ်” ဟု မြန်မာ နိုင်ငံ ငါးပိ၊ငါးခြောက် အသင်းဥက္ကဋ္ဌ ဦးစိုးဝင်းနိုင် ကပြောသည်။

မြန်မာနိုင်ငံမှ ငါးစည်ပေါင်းများကို တရုတ်ပြည်မှကုန်သည်အချို့ လာရောက်ဝယ်ယူ လျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးပွင့်လန်းသွားပါက နှစ်နိုင်ငံကုန်စည်စီးဆင်းမှုပြန်လည် အသက်ဝင်ကာ ကိုဗစ်-၁၉ရောဂါကြောင့် ကျဆင်းခဲ့သောစီးပွားရေးလုပ်ငန်းများကို အထိုက်အလျောက်ကုစားနိုင်မည်ဖြစ်သည်။ 

ဓာတ်ပုံ - ကနူး                                                                                                                 
ညိမ်းသူ (သတင်းစဉ်)