ကော့သောင်း ဧပြီ ၁၂
ကော့သောင်းမြို့၌ ၁၃၈၃ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ သင်္ကြန်အကြိုနေ့မှ စတင်ကာ သင်္ကြန်ပွဲတော်အား ယခင်ကာလများနည်းတူ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတောင်ဖက်အစွန်း ကော့သောင်းမြို့သည် မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်ရာ သင်္ကြန် ပိတ်ရက်ရှည်ကာလအတွင်း နိုင်ငံတဝန်းမှ ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ဆင်နွှဲ ရေပက်ကစားလေ့ရှိရာ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည့်အညီ မြန်မာတို့၏ ယဉ်ကျေးဖွယ်ရိုးရာ ဓလေ့များအား သိရှိလေ့လာနိုင်ရေး၊ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များနှင့် မြို့နေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ နွှဲပျော်နိုင်ရေး သင်္ကြန်ကာလအတွင်း နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များအား တာဝန်ရှိ အဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် အသိပေးလှုံ့ဆော်ထားပြီး၊ ရပ်ကွက်အလိုက် မြန်မာရိုးရာ ယိမ်းအက ပြိုင်ပွဲဝင်အဖွဲ့များ ကြိုတင်လေ့ကျင့်မှုများဖြင့် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
၎င်းအပြင် မြို့နယ်ဗဟိုဆုပေးမဏ္ဍပ်၊ ဌာဆိုင်ရာ နှင့် ရပ်ကွက်ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်များအား ဆောက်လုပ်ပြီးစီးနေကြပြီးဖြစ်ပြီး ယခုနှစ် သင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝှမ်းမှလာရောက်လည်ပတ်ကြမည့် ပြည်တွင်းခရီးသွား ဧည့်သည်များအား မြန်မာ့ရိုးရာ ဓလေ့စရိုက်များ ဂုဏ်တင့်တယ်စွာ ပိုမိုလေ့လာ သိရှိနိုင်ကြစေရန်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာရေး ဆွဲဆောင်မှု တစ်ရပ်အသွင်ဖြင့် ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)