နေပြည်တော်၊ ဇူလိုင် ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ဖျာပုံလမ်းရှိ တက္ကသီလ ဇေယျသိဒ္ဓိ ပဋ္ဌာန်းကျောင်းတိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ (မူလဒွါရ) ဆရာတော် ဘဒ္ဒန္တ ကောဝိဒ က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ သာသနာပြုဌာနများသို့ သာသနာပြု လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဆရာတော် ဘဒ္ဒန္တကောဝိဒ က ငွေကျပ် ၁၀၈ သိန်း လှူဒါန်းရခြင်းနှင့် ပတ်သက်၍ နယ်စပ်ဒေသ များတွင် သာသနာပြုတာဝန်ထမ်းဆောင်လျက်ရှိသော သာသနာပြု ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ၏ သာသနာပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

 

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဆရာတော်၏ အလှူငွေကို ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ထံ အသိပေးလျှောက်ထား သွားမည်ဖြစ်ကြောင်း၊  ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နယ်စပ်နှင့် တောင်တန်းဒေသများ၌ ဖွင့်လှစ်ထားသော သာသနာပြုဌာန ၆၁၄ ဌာန ရှိပြီး သာသနာပြုတာဝန် ထမ်းဆောင်နေကြသော ရဟန်းတော် (၆၀၁)ပါး၊ သာသနာပြုသီလရှင် (၄၁)ပါး၊ သာသနာပြုလူပုဂ္ဂိုလ် (၂၉၇)ဦးတို့ဖြင့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဌာနများအနက်မှပစ္စည်း လေးပါးချို့တဲ့သော သာသနာပြုကျောင်းများကိုရွေးချယ်၍ ထေရဝါဒ ဗုဒ္ဓသာသနာပြုဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း လျှောက်ထားသည်။

 

ဆက်လက်၍ ဆရာတော် ဘဒ္ဒန္တကောဝိဒက လှူဒါန်း ငွေကျပ် ၁၀၈ သိန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်သည်။

 (သတင်းစဉ်)