ဝါရှင်တန် ၁၇ ဇူလိုင်

 

နယ်စပ်ဖြတ်ကျော် နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှုကို ကန့်သတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုကြောင့် မက္ကဆီကိုနိုင်ငံမှ တစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာသည့် အမေရိက အလယ်ပိုင်းနိုင်ငံများမှ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများကို များစွာထိခိုက်စေ မည်ဖြစ်ကြောင်း သိရသည်။

 

ယမန်နေ့က အမေရိကန်တရားရေးဌာနနှင့် အမိမြေလုံခြုံရေးဌာနက ထုတ်ပြန်သည့် စာမျက်နှာ ၅၈ မျက်နှာပါ ကြေညာချက်တွင် အမေရိကန် ပြည်ထောင်စုကို မဝင်ရောက်မီ ကုန်းလမ်းမှ တစ်ဆင့် ဖြတ်ကျော်လာသည့် နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထား မည်ဆိုပါက အမေရိကန်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားမှုကို မပေးရန် သို့မဟုတ် ပိတ်ပင်သွားရန် ဖော်ပြပါရှိပါသည်။

 

အစိုးရရှေ့နေချုပ် ဝီလီယံဘားရ် ထုတ်ပြန်သည့် ကြေညာချက်တွင် အမေရိကန်နှင့် မက္ကဆီကို နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသည့် နိုင်ငံခြားသား အရေအတွက် သိသိသာသာ တိုးလာကြောင်း၊ အဆိုပါလူများတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ အနည်းငယ်သာ ပါဝင်ကြောင်း ဖော်ပြထားသည်။ 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ၏ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံမှုကို ကန့်သတ်ရန် ပြဋ္ဌာန်းချက်သည် ဇူလိုင် ၁၆ ရက်တွင် စတင်အာဏာသက်ရောက် မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများလည်း ထွက်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။

 

ယခုပြဋ္ဌာန်းချက်တွင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံသားများ အကျုံးဝင်ခြင်း မရှိပေ။ အမေရိကန်သမ္မတ ထရမ့်သည် လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများမှ လာရောက် အခြေချနေထိုင်သူများကို ပိုမိုကန့်သတ်သည့် သဘောဖြစ်ကြောင်း သိရသည်။

 

အေအက်ဖ်ပီ