အမ်း၊ ၁၇ မေ
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို မေ ၁၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါသင်တန်း၌ တိုင်းရင်းသူ အမျိုးသမီးငယ်လေးများကို အတတ်ပညာရရှိစေရန်၊ ဘဝရပ်တည်မှု ခိုင်မာစေရန်၊ အလုပ်အကိုင်အခွင့်အအလမ်းများ ရရှိစေရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီး သင်တန်းသူ (၂၄)ဦး တက်ရောက်ကြသည်။ ဘာသာရပ်များ အနေဖြင့် စက်ချုပ်ဘာသာရပ် (၁၅)မျိုး၊ လက်မှုဘာသာရပ် (၁၀)မျိုး၊ မုန့်လုပ်နည်းဘာသာရပ်၊ အချက်အပြုတ် ဘာသာရပ်များကို (၁၈)ပတ်ကြာ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသူများအား တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြတ်နေစေရေးအတွက် ပြည်ထောင်စုစိတ်ဓာတ် သင်ခန်းစာ၊ လူကုန်ကူးမှုတားဆီကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ၊ ကြက်ခြေနီ အခြေခံရှေးဦးပြုစုနည်း သင်တန်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သင်တန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ထောက်ပံ့၍ နေထိုင်စားသောက်စရိတ်၊ အပြန်ခရီးစရိတ်များကိုပါ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ် ဒေါ်စိုးစိုးက သင်တန်းတွင် သင်ကြားပြသပေးမည့် ဘာသာရပ်များနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း (မြို့နယ် ပြန်/ဆက်)


