နေပြည်တော် ဇန်နဝါရီ ၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန် / ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ အင်္ဂလိပ်စာ စွမ်းရည်စားပွဲဝိုင်းဆွေးနွေးမှုကို ကြည့်ရှုအားပေးသည်။ 

ထို့နောက်ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း ဝန်ထမ်းများအနေဖြင့် မိမိတို့လေ့လာ ဆည်းပူးတတ်မြောက်ခဲ့သည့် ပညာရပ်များကို မိမိတို့ရုံးဌာနခွဲ အသီးသီး၌လည်း ပြန်လည်ဆင့်ပွား သင်ကြားပေးကြရန်၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်နှင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်လာစေရန် ပညာတန်ဆောင်ကို လက်ဆင့်ကမ်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ကြိုးစားအားထုတ် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။ 

ဆက်လက်၍ အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ရေး သင်တန်းနည်းပြ ဦးသန်းဆွေ က သင်တန်း လေ့ကျင့်သင်ကြားပေးခဲ့မှုနှင့် တိုးတက်ဖြစ်ထွန်းမှုများ ရှင်းလင်းပြောကြားခဲ့ပြီး ထူးချွန်ဆုရ ဝန်ထမ်းများကို ဂုဏ်ပြုဆုများ နှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ကို ရက်သတ္တပတ် ၁၀ ပတ်ကြာ ကျွမ်းကျင်နည်းပြမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပြီး တာဝန်ရှိသူများနှင့် နည်းပြတို့မှ  အင်္ဂလိပ်စာစွမ်းရည်တိုးတက်မှု အခြေအနေများကို အပတ်စဉ် အကဲဖြတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်