နယ်စပ်ရေးရာဝန်ကြီးဌာန ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၁) သင်တန်းဆင်း

ရန်ကုန် ၁၄ စက်တင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်သော ခေတ်မီ မော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်း၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန့်က တိုင်းရင်းသူ အမျိုးသမီးငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း (၄၅) ကျောင်းတွင် အိမ်တွင်းမှုပညာရပ်များ လေ့ကျင့် သင်ကြားပေးလျက် ရှိပါကြောင်း၊ အဆိုပါ သင်တန်းကျောင်းများမှ သင်တန်းအောင်မြင်ပြီးသည့် သင်တန်းသူ (၈၃၇၃၇) ဦးအနက် (၂၃၈၇) ဦးကို ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းများသင်ကြားပေးခဲ့ပြီး အထည်ချုပ်စက်ရုံ (၂၈) ရုံ၌ (၂၃၁၆) ဦး ဝင်ရောက် အလုပ်လုပ်ကိုင် လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် တိုင်းရင်းသူ (၁၄၀) ဦးအား သြဂုတ် ၂၀ မှ သြဂုတ် ၁၄ ထိ အခမဲ့လေ့ကျင့် သင်ကြားပေးပြီး သင်တန်းဆင်း တိုင်းရင်းသူ (၁၃၂) ဦးကို အထည် ချုပ်စက်ရုံ (၂) ရုံသို့ စနစ်တကျ ခွဲဝေ၍ လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနသို့ သင်တန်းဆင်း တိုင်းရင်းသူများကို လွှဲပြောင်းအပ်နှံ ပေးခဲ့သည်။ ထို့နောက် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ အလုပ်သမား အသိအမှတ်ပြု ကတ်ပြားများအား သင်တန်းဆင်း တိုင်းရင်းသူများထံ ပေးအပ်ပြီး၊ အထည်ချုပ်စက်ရုံများမှ သင်တန်းဆင်း တိုင်းရင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် သင်တန်းဆင်း တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)