နေပြည်တော်၊ ဧပြီ ၁၃

မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ အနေဖြင့် ရိုးရာ အစဉ်အလာမပျက် မြန်မာနှစ်သစ်တွင် စိတ်ခွန်အားသစ်များ ရရှိစေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စွာ ရေကစားနိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲ တွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစား မဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ် ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးများနှင့် ဇနီးများနှင့်  ဝန်ထမ်း မိသားစုများ တက်ရောက်၍ ပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲကြသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာမဟာသင်္ကြန် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများက နယ်စပ်ရေးရာဝန်ကြီးဌာန မဟာရေသဘင်ပွဲတော်အား  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးဌာန ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေကြ၍ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ယိမ်းအကအဖွဲ့များကို အမွှေးနံ့သာရေများ ပက်ဖြန်း၍  အတူတကွ  ပျော်ရွှင်စွာ ရေကစားကြပြီး ဝန်ထမ်းမိသားစုများ၏ အလှအပများဖြင့် ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်ဈေး (စတုဒိသာ) ကျွေးမွေးဧည့်ခံနေမှုကို ကြည့်ရှုအားပေးကြပြီး ဝန်ထမ်းများနှင့်အတူတကွ သုံးဆောင်ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ယနေ့အကြိုနေ့မှ စတင်၍ ဧပြီ ၁၆ ရက် အတက်နေ့အထိ ဝန်ကြီးဌာန မဏ္ဍပ်၌ အဆို၊ အကများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနေ့ရက်များတွင် ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ စတုဒိသာ များကို အမယ်စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်