နေပြည်တော် ၃၀ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ (ရန်ကုန်နှင့် စစ်ကိုင်း)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅)ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (၉)ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၆)ကျောင်းကို ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုများနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သင်တန်းကျောင်းများ၏ တည်ဆောက်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Systemဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးဌာနမှူးများ၊ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်များနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်များက Online စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိကမ္ဘာ့တစ်ဝှမ်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများတွင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင်လည်း ထိခိုက်မှုများ ရင်ဆိုင်နေရကြောင်း၊ ရောဂါကူးစက်မှုနှင့် ပြီးဆုံးမည့်အခြေအနေကို ခန့်မှန်းရခက်ခဲသည့်အတွက် ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်သွားကြရမည့် နေထိုင်မှုပုံစံသစ်ကို ပြင်ဆင်ထားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ နောင်အနာဂတ်တွင် နည်းပညာပိုင်းဆိုင်ရာများ အရေးပါလာပြီဖြစ်၍ ယခုအခါပညာနှင့်ပတ်သက်ပြီး စဉ်ဆက်မပြတ် ပိုမိုလေ့လာ လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရောဂါကာကွယ်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အသိ၊ သတိနှင့် ဆင်ခြင်တုံ့တရား လက်ကိုင်ထားပြီး မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်ရုံမက အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အစည်းအဝေးသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားရသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ လူငယ်သင်တန်းကျောင်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းများကို ကိုဗစ်-၁၉ အလွန် ကာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ ဆရာ၊ ဆရာမများ၊ နည်းပြများနှင့် ဝန်ထမ်းများ၏ Capacity Building ဆောင်ရွက်နေမှုများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်း၊ ဆွေးနွေး၊ သုံးသပ်၊ ဆုံးဖြတ်ကြရန် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် ဝေးလံခေါင်းပါးပြီး လူမှုရေးခက်ခဲသည့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ဦးစီးဌာန စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ အဆင့်မြင့် ပညာကဏ္ဍ၌ ပညာရေးဘွဲ့ရ ဆရာ၊ ဆရာမ (၁၀၆၅) ဦး၊ ဝိဇ္ဇာ/ သိပ္ပံ/ အင်ဂျင်နီယာဘွဲ့ရ (၄၂၇၄)ဦး၊ အခြေခံပညာကဏ္ဍ၌ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ (၃၁၆၃)ဦး၊ အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍ၌ စက်မှုလက်မှုသက်မွေးပညာ အောင်မြင်သူ (၄၇၅၄)ဦး၊ အိမ်တွင်းမှုသက်မွေးပညာ အောင်မြင်သူ (၉၁၉၅၆)ဦးတို့အား လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။
ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်(၇)ရပ်နှင့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများကို Myanmar Sustainable Development Plan (MSDP) ၏ မဏ္ဍိုင်ကြီး (၃)ခု၊ ရည်မှန်းချက် (၅)ခုတို့၏ အစိတ်အပိုင်းများနှင့် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ကို ကြာရှည်ရင်ဆိုင်နေရသည့်အတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (COVID-19 Economic Relief Plan- CERP)၏ ပန်းတိုင် (၇)ခု၊ မဟာဗျူဟာ (၁၀)ခုတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ (ရန်ကုန်နှင့် စစ်ကိုင်း) အနေဖြင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့် ပေါင်းစည်း (Affiliate) သင်ကြားလျက်ရှိခြင်းကြောင့် ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan) (NESP) (2021-2030) (Phase II) ရေးဆွဲဆောင်ရွက်မည့်အခြေအနေကို သိရှိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများ ကိုက်ညီမှုရှိစေရေးအတွက် (Affiliate) လုပ်ထားသည့် တက္ကသိုလ်များ၏ Board of Study (BOS) အစည်းအဝေးများ တက်ရောက်ပြီး သတ်မှတ်သည့် Curriculum အတိုင်း သင်ကြားသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် “နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့်ပညာရပ်များနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စက်မှုလက်မှု၊ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်” ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူ အဆင့်ဆင့်က အကောင်းဆုံး သင်ကြားလေ့ကျင့်ပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ ခွင့်ပြုဘတ်ဂျက်နှင့်အညီ အရည်အသွေးအပြည့်အဝရရှိရေး ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများ စည်းကမ်း၊ ကျင့်ဝတ်၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြားသည်။
ထို့နောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားမှူးချုပ်များ၊ ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်မှူးများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုမူလုပ်ကိုင်ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ အလွန် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်မှုမရှိသေးချိန်တွင် ဆရာ၊ ဆရာမများနှင့် နည်းပြများ အရည်အသွေးမြင့်မားစေရေး လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်နေမှုများ၊ ဝန်ထမ်းသက်သာချောင်ချိရေး၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


