နေပြည်တော် ဖေဖော်ဝါရီ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပဥ္စမအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ စည်းလုံးပျော်ရွှင်စွာ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလေ့အထကောင်းများရရှိပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျရာတာဝန်များကို အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ယှဉ်ပြိုင်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း တပျော်တပါး အားကြိုးမာန်တက် ထမနဲထိုးယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်