နေပြည်တော်၊ မေ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန် နှင့် စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မကြာမီ ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်း ရပ်ဝန်းမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ မြန်မာနိုင်ငံ ကုန်းတွင်း ပိုင်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် သတိပေးချက်များရှိကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုအပြင် ၎င်းနှင့် ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ ရုံး/ဌာန၊ သင်တန်းကျောင်းများတွင် လူ၊ ပစ္စည်း၊ ယာဉ်/ယန္တရားများ တတ်နိုင်သမျှ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ ဆေးဝါး/ရိက္ခာ၊ သန့်ရှင်းသောရေ၊ အသက်ကယ်ပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်း များကို အသင့်ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များ၏ ညွှန်ကြားချက်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိရန်နှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ရုံးများ၊ ကျောင်းများ၌ အရေးပေါ်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် စုဖွဲ့ထားရှိသည့် Rescue Teams များ အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းသဘာဝဘေး ကျရောက်လာချိန်တွင် ဘေးသင့်ပြည်သူ များအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်