နေပြည်တော် မတ် ၇
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားပါးသည့်နေရာဒေသများ၌ ဆိုလာရေတင်စနစ်ဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာအုပ်စု ညောင်ပင်ဇောက်ကျေးရွာအနီး ရှေးဟောင်းတမုတ်ရှင်ပင် ရွှေဂူကြီးဘုရားအတွင်းရှိ တမုတ်ရွှေဂူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လေးလက်မစက်ရေတွင်း (တွင်းနက်) တစ်တွင်းတူးဖော်ခြင်း၊ ဆိုလာရေတင်စနစ်တပ်ဆင်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုဖြင့် အဆိုပါရေရရှိရေးလုပ်ငန်းအား ဆောင်ရွက်ပေးနိုင်မှုကြောင့် တမုတ်ရွှေဂူဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မှီတင်းနေထိုင်လျက်ရှိကြသည့် သံဃာတော်များ၊ လာရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ၊ ယောဂီအဘိုးအဘွားများနှင့် ရပ်ကွက်နေ ပြည်သူများအနေဖြင့် ယခင်က ပြင်ပမှ သောက်သုံးရေ ဝယ်ယူအသုံးပြုရသည့် အခက်အခဲများဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ရာသီမရွေး သန့်ရှင်းသောသောက်သုံးရေများ လုံလောက်စွာ ရရှိအသုံးပြုနိုင်ပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများသည် များစွာဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


