နေပြည်တော် မတ် ၂၂
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဟိုပုံးမြို့နယ် ဖက်ရမ်း ကျေးရွာအုပ်စု ဖက်ရမ်းငယ် ကျေးရွာသို့ ဆိုလာ ၄၃ စုံ၊ ထီအုံခမ်း (နမ့်ပေါ်ခမ်းပေး) ကျေးရွာသို့ ဆိုလာအစုံ ၄၀၊ တာကော် (ခိုက်တာလော) ကျေးရွာသို့ ဆိုလာ ၆၄ စုံ၊ လုံလောက်ကျေးရွာ သို့ ဆိုလာ ၁၈ စုံနှင့် ကလော မြို့နယ် ငုတ်ကျေးရွာအုပ်စု တောင်ပို့လှကျေးရွာသို့ ဆိုလာ အစုံ ၅၀ စုစုပေါင်း ဆိုလာ ၂၁၅ စုံ ကို ကျေးရွာမီးလင်းရေးအတွက် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး နှင့် တာဝန်ရှိသူများက ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ အဆိုပါ ဆိုလာမီးတပ်ဆင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အဆိုပါ ဆိုလာမီးများ တပ်ဆင် ပေးနိုင်ခဲ့မှုကြောင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာငါးရွာမှ လူဦးရေ ၂၂၈၄ ဦးတို့အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကို များစွာ အထောက်အကူပြုလျက်ရှိသည့် အတွက် များစွာဝမ်းမြောက်လျက် ရှိကြောင်း ဒေသခံတိုင်းရင်းသားများထံမှ သိရသည်။
သတင်းစဉ်


