နေပြည်တော်   ဇန်နဝါရီ    ၂၈

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်   တနင်္သာရီတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့် အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ဇန်နဝါရီ ၂၈ ရက်တွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်း၊ မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံနှင့် ဝန်ထမ်းများက မြိတ်မြို့၊ အောင်မင်္ဂလာပရိယတ္တိ စာသင်တိုက်သို့ ဆွမ်းဆန် ၅ အိတ်၊ ဆီ ၁၁ ပိဿာ၊ ကုလာပဲ ၁၂ ပိဿာ စသည့် ပစ္စည်းများအား တိုက်အုပ်ဆရာတော်ထံသို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ခင်ချိုဆင့်(ထားဝယ်)