နေပြည်တော်၊ သြဂုတ် ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ ‘စမ’ တောင် ပရဟိတဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းတိုက်ရှိ ဝါဆိုသံဃာတော်များနှင့် ဒေသအသီးသီးမှ ပရဟိတ ဂေဟာသို့ ရောက်ရှိနေသည့် ကျောင်းသား/ ကျောင်းသူများအတွက် ဆန်အိတ် ၂၀ ၊ ဆီ ပိဿာ၄၀ ၊ ဆားပိဿာ ၅၀ ၊ ပဲ ၇၅ ပိဿာနှင့် ကြက်ဥ အလုံး ၃၀၀ တို့ကို ထောက်ပံ့ လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ ဝါဆိုသံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတ ကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ ကိုဗစ်-၁၉ စင်တာများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီပေးလျက်ရှိကြောင်းသိရသည်။
(သတင်းစဉ်)


