နေပြည်တော် ၁၉  မေ 

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသာမက နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာ၊ အခြေခံပညာနှင့် အသက်မွေးပညာ ဟူသော ကဏ္ဍကြီး (၃)ရပ်ဖြင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (၄၅) ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (၉) ကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၆) ကျောင်း စုစုပေါင်း (၁၀၄) ကျောင်းကို နယ်စပ်ဒေသများတွင် ဖွင့်လှစ်လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ COVID-19 ကာလတွင် အထက်ပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သင်တန်းကျောင်းများ၏ စာပေပညာသင်တန်းများနှင့် အိမ်တွင်းမှုသင်တန်းများကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များ၏ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လိုအပ်ချက်အရ အဆိုပါ ကျောင်းများတွင် Facility Quarantine ထားရှိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မေ ၁၈   ရက် အထိ  ၁၀၃၇  ဦး လက်ခံခဲ့ပြီး သတ်မှတ်ကာလ ပြည့်မြောက်၍ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီသို့ ပြည်လည်လွှဲပြောင်းသူ  ၅၇၉ ဦးရှိပြီး Facility Quarantine ဖြင့် နေထိုင်သူ  ၄၅၈  ဦး ကျန်ရှိလျက်ရှိသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် COVID-19 အရှိန်လျော့ပါးလာသည့် ကာလတွင်  Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ကိုခံယူ၍ သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ COVID-19 ကာလအတွင်း နည်းပြများကို အရည်အချင်း မြှင့်တင်ခြင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းအတွက် ဂျပန်နိုင်ငံမှ မှာယူခဲ့သည့် သင်ထောက်ကူပစ္စည်းများ ရောက်ရှိဖြည့်တင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် Facility Quarantine ဖြင့် နေထိုင်သူများကို ဇွန်  ၁၆   ရက်တွင် သင့်တော်ရာ နေရာများသို့ ပြောင်းရွေ့၍ သင်တန်းကျောင်းများကို ပြန်လည်အပ်နှံရန် စီမံဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ COVID-19 လျော့ကျချိန်တွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအတိုင်း နယ်စပ်ဒေသရှိ လူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်မျိုး က ယနေ့ တွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် (၄)ထပ် ကျောင်းသူအိပ်ဆောင်၊ (၈) ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ၊ (၂) ထပ် စားရိပ်သာ၊ စတိုဆောင်၊ ကျောင်းအုပ်နေအိမ် အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး COVID-19 လျော့ကျချိန်ကာလတွင် ကျောင်းများ၊ သင်တန်းများ၊ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်