နေပြည်တော် ၈  ဇွန်

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒသကြီးအစိုးရအဖွဲ့များ၏ ညှိနှိုင်း တောင်းဆိုလာမှုအရ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ ပေနက်တွင်းတူးစက် အကူအညီ ရယူကာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လတ်မှုရှိနေသော ကျေးရွာများအတွက် ရေနက်တွင်း တူးဖော်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ရေနက်တွင်း တူးဖော်ခြင်း လုပ်ငန်းများအနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ငွေကျပ် (၁၈ဒသမ၄၃) သန်းဖြင့် သန့်ရှင်းသော သောက်သုံးရေ လိုအပ်လျက်ရှိသည့် မကွေးတိုင်း ဒေသကြီး၊ မြင်စိုင်းကျေးရွာ အုပ်စုအတွင်းရှိ မြင်စိုင်းကျေးရွာ၌ အနက်ပေ (၄၀ဝ) စက်ရေတွင်း (၁)တွင်းနှင့် ဂါလံ (၅၀ဝ၀)ဆံ့ အုတ်ရေကန် လုပ်ငန်းကို မေ (၃၁)ရက်တွင် စတင်ဆောင် ရွက်ခဲ့ရာ ဇွန် (၇)ရက်တွင် ရေတွင်း တူးဖော်ခြင်း လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ကျန်ဆက်စပ် လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက ဇွန် (၈)ရက်တွင် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် မန္တလေးတိုင်း‌ဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့အတွင်းရှိ သောက်သုံးရေ ရှားပါး ပြတ်လတ်သည့် ကျေးရွာများ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၆)ရွာ၌ အဝီစိ ရေနက်တွင်း တူးဖော်ခြင်း၊ ဂါလံ(၅၀ဝ၀)ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်း များကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ(၄)ရွာတို့၌လည်း ထပ်မံတူးဖော်ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း လုပ်ငန်းများ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)