နေပြည်တော် ၁၉ ဇွန်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒသကြီး အစိုးရအဖွဲ့များ၏ ညှိနှိုင်း တောင်းဆိုလာမှုအရ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ ပေနက်တွင်းတူးစက် အကူအညီရယူကာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လတ်မှုရှိနေသော ကျေးရွာများအတွက် ရေနက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ရေနက်တွင်း တူးဖော်ခြင်း လုပ်ငန်းများအနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၈ ဒသမ ၄၃ သန်းဖြင့် သန့်ရှင်းသော သောက်သုံးရေ လိုအပ်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ မန်ကျည်းစောက်ကျေးရွာ၌ အနက်ပေ ၄၀၀ စက်ရေတွင်း ၁ တွင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများက ဇွန် ၁၉ ရက်တွင် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသည်။
ထို့နောက် မန်ကျည်းစောက်ကျေးရွာ သောက်သုံးရေရရှိရေး ရေကော်မတီဥက္ကဌမှ ပူပြင်းခြောက်သွေ့သော အညာဒေသဖြစ်သည့် မန်ကျည်းစောက်ကျေးရွာတွင် နှစ်စဉ် ရင်ဆိုင် ကြုံတွေ့ရသော ရေရှားပါးပြတ်လတ်မှု အခက်အခဲအား ကျော်လွှားနိုင်ရန်အတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး ပံ့ပိုးကူညီ တူးဖော်ဆောင်ရွက်ပေးခဲ့သော နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကမ္ဘောဇဘဏ်တို့ကို ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းလွှာအား ဒုတိယညွှန်ကြားရေးမှူးထံ ပေးအပ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လတ်သည့် ကျေးရွာများ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၆ ရွာ၌ အဝီစိ ရေနက်တွင်း တူးဖော်ခြင်း၊ ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ ၄ ရွာတို့၌လည်း ထပ်မံ တူးဖော်ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


