မယ်စဲ့ ၁၁ ဇွန်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ သွားလာမှု လွယ်ကူစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်နေမှုအား ယမန်နေ့က ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (နယ်စပ်ဒေသဖွံ့ဖြိုးရေး) ရန်ပုံငွေကျပ် ၃၇၇ ဒသမ ၂၀၃ သန်းဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက်လမ်း အရှည် (၁၀/၄)မိုင် ရှိသည့်အနက် မြေသားအရှည်(၅/၀)မိုင် ဖောက်လုပ်ခဲ့ပြီး ၎င်းလမ်းပေါ်တွင် ပေ(၃၀) ကွန်ကရစ်တံတား ၂ စင်း၊ Box Culvert ၉ စင်း တည်ဆောင်ပြီးစီးခဲ့ပြီး ဖြစ်သည်။
ယခုဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၅၂၅ ဒသမ ၅၀၃ သန်းဖြင့် ကျန်ရှိနေသည့် ဟိုဂျစ်-တောင်လှ အရှည်(၅/၄)မိုင် ထပ်မံဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်တွင် ပေ(၅၀) ကွန်ကရစ်တံတား ၁ စင်း၊ ပေ ၂၀ ကွန်ကရစ် ရေကျော်တံတား ၂ စင်း၊ Box Culvert ၉ စင်း၊ ပေ ၂၀ ဘေလီတံတား ၁ စင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ယင်းကျေးရွာများသည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ဘီပီ(၁၆)တို့နှင့် ထိစပ်လျက်ရှိပြီး ယခင်က ခြေလျင်ဖြင့်သာ သွားလာနေရသဖြင့် ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းချက်များဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိးတိုးတက်ရေးဦးစီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့်အတွက် ဒေသခံပြည်သူများ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ရာ ဝမ်းသာကြည်နူးမိပါကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


