၃၀  ဇူလိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ တောင်ပိုင်းနယ်စပ်မှာ တည်ဆောက်မယ့်တံတိုင်းအတွက် ပင်တဂွန်ရဲ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ (ယူရိုငွေ ၂ ဘီလီယံ)ကို အသုံးပြုနိုင်တယ်ဆိုပြီး အမေရိကန် အမြင့်ဆုံးတရားရုံးက ယခုရက်ပိုင်းမှာ ခွင့်ပြုချက်ပေးလိုက်ပါတယ်။ နယ်စပ်တံတိုင်း တည်ဆောက်ရာမှာ ငွေတွေသုံးစွဲမယ့်ကိစ္စကနေ သမ္မတကိုပိတ်ပင်ဖို့ ဖက်ဒရယ်တရားသူကြီးတစ်ဦးရဲ့ ဆုံးဖြတ်ချက်ကို တားဆီးဖို့အတွက် တရားရုံးချုပ်က မဲခွဲဆုံးဖြတ်လိုက်ပြီးနောက် ရန်ပုံငွေသုံးစွဲဖို့ ခွင့်ပြုချက် ပေးလိုက်တာ ဖြစ်ပါတယ်။

မဲဆွယ်လက်နက်တစ်ခုဖြစ်ခဲ့

အမေရိကန်နဲ့ မက္ကဆီကိုကိုပိုင်းခြားထားတဲ့ နယ်စပ်တံတိုင်းဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွင်းမှာ သမ္မတထရမ့်က မဲဆွယ်စည်းရုံးရေး လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့တဲ့ ကတိကဝတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီမိုကရက်တစ် အဖွဲ့ဝင်တွေကတော့ ဒီကိစ္စကို အရင်ကတည်းက တောက်လျှောက်ကန့်ကွက်လာတာပါ။ တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်ချက်အရ ရန်ပုံငွေတွေကို ကယ်လီဖိုးနီးယား၊ အရီဇိုးနားနဲ့ နယူးမက္ကဆီကိုတို့မှာ တည်ဆောက်မယ့် တံတိုင်းစီမံကိန်းတွေအတွက် ထည့်သွင်းသုံးစွဲသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အောင်ပွဲတစ်ခု

ကယ်လီဖိုးနီးယားရှိ တရားရုံးက ကွန်ဂရက်လွှတ်တော်ဟာ တံတိုင်းတည်ဆောက်ရေးမှာ သုံးဖို့အတွက် ရန်ပုံငွေတွေကို တိကျသေချာတဲ့ ခွင့်ပြုချက်မျိုး မပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်ချက်ကို သမ္မတထရမ့်က အောင်ပွဲကြီးတစ်ရပ်အဖြစ် တွစ်တာပေါ်မှာဖော်ပြခဲ့ပါတယ်။ ထွက်ပေါ်လာမယ့် တံတိုင်းသစ်ဟာ တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေကို ပပျောက်စေလိမ့်မယ်၊ ၎င်းတို့ကြောင့် ပေါ်ပေါက်လာတဲ့ ရာဇဝတ်မှုတွေလည်း လျော့နည်းသွားလိမ့်မယ်ဆိုပြီး အခိုင်အမာ ပြောဆိုထားပါတယ်။

ထိရောက်မှုမရှိ

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်အဖွဲ့ဝင်တွေက ၎င်းတို့ဟာ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ရှိပေမယ့်လို့ တံတိုင်းဆောက်မယ့်ကိစ္စဟာ ကုန်ကျစရိတ်ကြီးမြင့်နိုင်ပြီး ထိရောက်မှုမရှိနိုင်ဘူးလို့ ခံစားမိတယ်လို့ ဆိုပါတယ်။ မစ္စတာထရမ့်က နယ်စပ်အရေးပေါ်အခြေအနေကို ဖြစ်စေခဲ့ပြီး နယ်စပ်တံတိုင်းက ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်တဲ့သင်္ကေတတစ်ခု ဖြစ်လာနေတယ်လို့ ၎င်းတို့က စောဒကတက်ခဲ့ကြပါတယ်။

အခုရက်ပိုင်းအတွင်းမှာ အမေရိကန်နဲ့ ဂွါတီမာလာတို့ဟာ ခိုလှုံခွင့်ဆိုင်ရာသဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အဲဒီသဘောတူညီမှုအောက်မှာ ဟွန်ဒူးရပ်စ်နဲ့ အယ်ဆာဗေဒို နိုင်ငံတွေကနေ ဂွါတီမာလာကို ဖြတ်ကျော်မယ့် ရွှေ့ပြောင်းသွားလာသူတွေဟာ အရင်ကလို လွယ်လင့်တကူ ဖြတ်ကျော်ပြီး အမေရိကန်ဆီ ဖြောင့်ဖြောင့်တန်းတန်း ဆက်သွားလို့ရတော့မှာ မဟုတ်ဘဲ ဦးစွာအဲဒီနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တုံ့ပြန်မှု

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ အကျိုးမရှိတဲ့ နယ်စပ်တံတိုင်းကိစ္စမှာ ငွေတွေဖြုန်းတီးဖို့အတွက် တပ်မတော်ရဲ့ ရန်ပုံငွေတွေ သမ္မတထရမ့်ကို ခိုးယူခွင့် ပေးလိုက်သလို ဖြစ်နေတယ်၊ ကွန်ဂရက်လွှတ်တော်က ပယ်ချထားတဲ့ ဒီကိစ္စကို တရားရုံးချုပ်က ခွင့်ပြုပေးတာဟာ အတော်လေးဆိုးရွားတယ်။ ကျွန်ုပ်တို့ရဲ့ ယခင်ခေါင်းဆောင်တွေက ပြည်သူတွေ ဆုံးဖြတ်ခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်တစ်ခုကို ဖော်ဆောင်ခဲ့တာ၊ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖော်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ နန်စီပီလိုစီက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အလိုမကျမှုကို ဖော်ပြခဲ့ပါတယ်။

မြေယာတွေကို ဖျက်ဆီးနိုင်

ရန်ပုံငွေကိစ္စကို ပိတ်ပင်ဖို့လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ Sierra Club သဘာဝပတ်ဝန်းကျင် ဆိုင်ရာအဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်တဲ့ ဂလိုရီယာစမစ်က နယ်စပ်တံတိုင်း တည်ဆောက်မှုအတွက် တပ်မတော်ရန်ပုံငွေတွေကို ကွဲပြားအောင် ခွင့်ပြုလိုက်တဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကိုနဲ့ အရီဇိုးနား တို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ၊ အများပြည်သူတို့ရဲ့ မြေယာတွေနဲ့ရေတွေကို ပိုင်းခြားဖျက်ဆီး ပစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အခုနှစ် အစောပိုင်းမှာ သမ္မတထရမ့်က တံတိုင်းကြီးတည်ဆောက်ဖို့အတွက် ၎င်းအနေနဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဒီကိစ္စကို အမျိုးသားလုံခြုံရေး ကိစ္စတစ်ရပ်အဖြစ်နဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါတောင်မှ အဲဒီငွေကြေး ပမာဏဟာ မိုင်ပေါင်း ၂၀ဝ၀ ရှိတဲ့ နယ်စပ်တစ်လျှောက် ကာရံမယ့် တံတိုင်းရဲ့ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံနဲ့စာရင် ဘယ်လောက်မှမရှိသေးပါဘူး။ ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ကျော်လွန်ဖို့ နိုင်ငံတော်အရေးပေါ် အခြေအနေထုတ်ပြန်မယ့် သမ္မတရဲ့ကြိုးပမ်းမှုကို ရပ်တန့်စေဖို့အတွက် အမေရိကန် ပြည်သူ့လွတ်လပ်ရေးသမဂ္ဂ (ACLU)နဲ့အတူ ပြည်နယ်ပေါင်း ၂၀ ခန့်ဟာ အမှုဖွင့်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

ကန့်ကွက်လှုပ်ရှား

ဒါတင်မကသေးပါဘူး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း တံတိုင်းတည်ဆောက်မယ့် ကိစ္စဟာ တောရိုင်းတိရစ္ဆာန်တွေကို ဆိုးကျိုးသက်ရောက်မှုဖြစ်လာစေနိုင်တဲ့အတွက် ဒီကိစ္စကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကွန်ဂရက်လွှတ်တော်ဟာ တက္ကဆက်ပြည်နယ် ရီယိုဂရန်ဒီတောင်ကြားတစ်လျှောက် စည်းရိုးကာရံမှုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံသုံးစွဲဖို့ အတည်ပြုပေးခဲ့ပြီး အဲဒီပမာဏဟာ သမ္မတထရမ့်တောင်းခံခဲ့တဲ့ ငွေကြေးထက် နည်းပါတယ်။

အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကတော့ တံတိုင်းစီမံကိန်းအတွက်နဲ့ နောက်ထပ် ရန်ပုံငွေတွေ မကွဲပြားစေရေးအတွက် ဥပဒေအရ ဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်။

နယ်စပ်မှာ ဘာတွေဖြစ်နေသလဲ

အမေရိကန် အာဏာပိုင်တွေရဲ့ပြောပြချက်အရ ပြီးခဲ့တဲ့ဇွန်လအတွင်း အနောက်တောင်ပိုင်း နယ်စပ်တစ်လျှောက်မှာ လူပေါင်း ၁၀၄၃၄၄ ကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီကိန်းဂဏန်းဟာ အရင်လတွေကနဲ့စာရင် ၂၈ ရာခိုင်နှုန်း လျော့ကျသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ထရမ့်ရဲ့ အစိုးရအဖွဲ့က ဒီလိုလျော့ကျသွားရတာဟာ ရွှေ့ပြောင်းသွားလာမှုကို ထိန်းချုပ်ဟန့်တားဖို့ မက္ကဆီကိုနဲ့အတူ ချမှတ်ဆောင်ရွက်လိုက်တဲ့ မူဝါဒအသစ်တွေကြောင့်လို့ ဆိုပါတယ်။

ပြီးတော့ ခိုလှုံရာရှာဖွေသူတွေကို မက္ကဆီကိုမှာ စောင့်ဆိုင်းနေရအောင်လုပ်ခဲ့တဲ့ တိုးချဲ့စီမံချက်ကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပူပြင်းတဲ့ နွေရာသီလတွေအတောအတွင်း ရွှေ့ပြောင်းသွားလာသူ အရေအတွက် လျော့ကျမှုကတော့ စံနှုန်းတစ်ခုကို ရောက်ရှိခဲ့တာအမှန်ပဲလို့ ကျွမ်းကျင်သူတွေက သုံးသပ်လျက်ရှိပါတယ်။

သမိုင်းတွင်လောက်တဲ့ လျော့ကျမှု

ရွှေ့ပြောင်းသွားလာသူများ ပျောက်ဆုံးမှုဆိုင်ရာကုလသမဂ္ဂ စီမံကိန်းအဖွဲ့က ၂၀၁၉ ခုနှစ် အတွင်း အမေရိကန်-မက္ကဆီကို နယ်စပ်မှာ သေဆုံးသွားတဲ့ သို့မဟုတ် ပျောက်ဆုံးနေတဲ့ ရွှေ့ပြောင်းသွားလာသူ ၁၇၀ ရှိပြီး ဒီအထဲမှာ ကလေးငယ် ၁၃ ဦး ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ နယ်စပ်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းသွားလာသူ အရေအတွက်ဟာ အရင် ၁၀ စုနှစ်ကနဲ့ နှိုင်းယှဉ်ရင် အတော်လေး လျော့ကျသွားခဲ့ပါတယ်။

သမ္မတထရမ့် တာဝန်ထမ်းဆောင်တဲ့ ပထမနှစ်မှာ လျော့ကျသွားတဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကတော့ တစ်ခါပြန်မြင့်တက်လာခဲ့တာမှန်ပေမယ့် အဲဒီလို မမြင့်တက်လာခင်မှာ သမိုင်းတွင်လောက်အောင်ကို လျော့ကျသွားခဲ့တဲ့ ပမာဏလို့ဆိုရမှာ ဖြစ်ပါတယ်။

ကလျာမိုးမြင့်

ကိုးကား- ဘီဘီစီ၊အေအက်ဖ်ပီ