ရန်ကုန်  ၁၁   ဇူလိုင်

 

ဉက္ကံ - ရန်ကုန်ပြေးဆွဲနေသော ခေါက်တိုရထား(RBE)ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဧပြီ ၁၁ ရက်မှစ၍ ခေတ္တရပ်နားထားရာမှ ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခဲ့ပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုပြန်လည် လမ်းပွင့်ခဲ့၍ ထိုခရီးစဉ်ကို အမှီပြုလျက်ရှိသော အများပြည်သူတို့ ခရီးသွားလာမှု အဆင်ပြေချောမွေ့လျက် ရှိကြောင်း သိရသည်။

 

တိုက်ကြီးမြို့နယ် ဉက္ကံမြို့မှနံနက် ၆ နာရီတွင် အမှတ် ၆၆ ဖြင့်ထွက်ခွာသော ခေါက်တို RBE ရထားမှာ ရန်ကုန်သို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရောက်ရှိပြီး ညနေ ၄ နာရီခွဲတွင် ရန်ကုန်မှ အမှတ် ၆၅ ဖြင့်ပြန်ထွက်လာသော အဆိုပါ ခေါက်တိုရထားသည် ဉက္ကံဘူတာသို့ ည ၈ နာရီ ၁၀ မိနစ်တွင် ပြန်လည် ဆိုက်ကပ်၍ နံနက် ၆ နာရီတွင် ပုံမှန်ခရီးစဉ်အတိုင်း ပြန်လည်ထွက်ခွာလျက်ရှိသည်။ ထိုခရီးစဉ်ကို ယခင်က ပျမ်းမျှအားဖြင့် ခရီးသည် ၁၀၀၀ ခန့်အမှီပြုလျက်ရှိပြီး ကိုဗစ်- ၁၉ ကာလ၌ ပုံမှန်ခရီးသွားနှုန်း ပြန်လည်မရရှိသေးသော်လည် ရန်ကုန်မြို့အဝင် ယာဉ်ကြောပိတ်ဆို့မှုနှင့် နံနက်ပိုင်း၊ ညနေပိုင်းယာဉ်‌‌ကြောပိတ်ဆို့မှုကို ဖြေ‌လျော့စေသောကြောင့် ဉက္ကံ - ရန်ကုန် ခေါက်တိုရထားပြေးဆွဲမှုအား ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊  အလုပ်သမားများနှင့် ကုန်စိမ်းကြို/ပို့သူတို့ကို အထောက်အကူဖြစ်စေလျက်ရှိသည်။

 

 “ခရီးသည်တွေကို ရထားစီးတဲ့အခါမှာ နှာခေါင်းစီးမတပ်မနေရ တပ်ခိုင်းပြီးတော့ ဘူတာမှာလည်း လက်ဆေး ကန်တွေထားရှိပေးထားပါတယ်။ ရထားပေါ်မှာသတ်မှတ်ထားတဲ့အတိုင်း စီးနင်းဖို့နဲ့  ကြက်ခြေခတ်ပြထားတဲ့ နေရာတွေမှာမထိုင်ဖို့ ညွှန်ကြားထားတဲ့ အတိုင်းဆောင်ရွက်ထားပါတယ်။ အခုလိုပြန်ဖွင့်နိုင်တာကြောင့် ရန်ကုန်မြို့နဲ့ ကူးသန်းသွားလာကြတဲ့ပြည်သူတွေ သွားလာရေး များစွာအဆင်ပြေတာကို တွေ့ရပါတယ်”ဟု ဉက္ကံဘူတာရုံပိုင် ဦးစက်အောင် က ပြောသည်။

 

အဆိုပါ ဉက္ကံ - ရန်ကုန် ခေါက်တိုရထား( RBE)ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဧပြီလတွင် ခေတ္တရပ်နားထားခဲ့ရာမှ ယခုလဆန်းပိုင်းတွင် ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ပြေးဆွဲသောဘူတာကြီး နှစ်ခုကြားတွင် ဘူတာစဉ် ၂၅ ဘူတာရှိပြီး RBE တွဲ ၄ တွဲဖြင့် ဉက္ကံမှတိုက်ကြီး သို့ ငွေကျပ် ၂၀၀၊ တိုက်ကြီး မှ မှော်ဘီ ငွေကျပ် ၂၀၀ နှင့် မှော်ဘီမှ ရန်ကုန်သို့ ငွေကျပ် ၂၀၀ ဖြင့် မြန်မာမီးရထားမှ ခရီးသွားများကို ၀န်ဆောင်မှု ပေးလျက်ရှိရာ ယာယီပိတ်ထားသော ဉက္ကံ - ရန်ကုန်‌ခေါက်တို ရထားလိုင်းအား ဇူလိုင် ၁ ရက် နေ့မှစ၍ အများပြည်သူ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန် ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ - မြန်မာ့မီးရထား