နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများနှင့် AA အဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်

နေပြည်တော် ၂၂   ဧပြီ

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်လုံခြုံရေး စစ်ကြောင်းများနှင့် AA အဖွဲ့ ဧပြီ ၂၁ ရက် ညနေပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA အဖွဲ့ထံမှ မိုင်းများနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာအိတ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

mdn

 

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ နယုန်တောင်ကျေးရွာအနီး ဝန်းကျင်တစ်ဝိုက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ညနေ ၄ နာရီခန့်တွင် နယုန်တောင်ကျေးရွာ၏ အရှေ့မြောက်ဘက်၌ AA အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိတို့ဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခွဲခန့် တွင် AA အဖွဲ့များသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ဖြစ်စဉ်တွင် ၄င်းတို့ထံမှ ဒေသန္တရလုပ် နင်းမိုင်း ၅ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာ ၁၀ အိတ်နှင့် ပစ်ကျင်းများအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနီး မောင်တော-အငူမော် ကားလမ်းဘေး၌ ဧပြီ ၂၁ ရက် ညပိုင်းတွင် AA အဖွဲ့ထောင်ထားသည့် မိုင်း ၂ လုံး ပေါက်ကွဲခဲ့ကြောင်း။

 

ယင်းပေါက်ကွဲမှုနှင့် ဆက်စပ်သူများ မောင်တောမြို့နယ်၊ မောရဝတီကျေးရွာ၌ ခိုအောင်းနေကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ညပိုင်းတွင် ကျေးရွာအတွင်း ရှာဖွေစစ်ဆေးခဲ့ရာ မောရဝတီကျေးရွာနေ AA အဖွဲ့မှ ကျော်သိန်းကို ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည်များ စစ်ဆေးမေးမြန်း လျက်ရှိကြောင်း။

 

mdn

 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် AA အဖွဲ့က မိုင်းထောင်ခဲ့သည့်အကြိမ် ၁၃ ကြိမ်၊ မိုင်း ၄၁ လုံးရှိပြီး ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)