မော်လမြိုင် ဧပြီ ၃၀
မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညှင်းတန်းတောရကျောင်းတွင် နယ်မြေဒေသ အခြေအနေအရ ရောက်ရှိနေသည့် မိသားစု၀င်များအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ဧပြီ ၂၉ ရက်က အဆိုပါကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ၀န်ကြီးများက ကမာဝက်မြို့၊ ဂုံညှင်းတန်း တောရကျောင်းတိုက် ဆရာတော်ကို ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အဆိုပါကျောင်းတိုက်တွင် နယ်မြေဒေသ လုံခြုံရေး အခြေအနေအရ ရောက်ရှိနေသည့်မိသားစုများအတွက် ထောက်ပံပစ္စည်းများ ပေးအပ်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဘုန်းတော်ကြီးကျောင်း သုံးကျောင်းသို့ ရောက်ရှိ နေသည့် မိသားစုဝင် ၆၄ ဦး၊ နီးစပ်ရာဆွေမျိုးများနေအိမ်၌ နေထိုင်သူ ၃၇၅ ဦးအတွက် ငွေကျပ် ၃၅ သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ စသည့်အမယ် ငါးမျိုး၊ အခြား စားနပ်ရိက္ခာများနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်ဦးချင်းစီအတွက် ဆန်တစ်ပတ်စာ ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၂၁၉၀၀ ထောက်ပံ့ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။
ခင်စန်းမြင့်(ပြန်/ဆက်)