၁၈ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံက ပိုင်ဆိုင်သည်ဟု အငြင်းပွားလျက်ရှိသည့် ရုရှားထိန်းချုပ် ကျွန်းလေးကျွန်းနှင့် ပတ်သက်သည့် သဘောထားကွဲလွဲမှုများ ကျဉ်းမြောင်းစေရန် ဂျပန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့မှုများ အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။ သို့သော်လည်း ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားကြရန် နှစ်ဖက်လုံးက သဘော တူညီခဲ့ကြသည်။

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့တို့သည် စနေနေ့က ဂျာမနီနိုင်ငံ မြူးနစ်၌ မိနစ် ၉၀ ကြာအောင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးနှစ်ဦး တို့သည် အငြင်းပွားကျွန်းများအရေးနှင့်ပတ်သက်၍ ဖြေရှင်းချက်တစ်ရပ် ပါဝင်မည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်အပြီးသတ်ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများကို ဦးဆောင်လျက်ရှိသည်။

 

ဆွေးနွေးပွဲစတင်ချိန်တွင် ကိုနိုက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ရုရှားသမ္မတဗလာဒီမာပူတင်တို့အကြား နိုဝင်ဘာလတွင် သဘောတူညီမှုရရှိခဲ့သည့်အပေါ် အခြေခံသည့် ဆွေးနွေးပွဲများကို တစ်ဆက်တည်းပြုလုပ်သွားစေလိုကြောင်း ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ၁၉၅၆ ခုနှစ် ဂျပန်နှင် ဆိုဗီယက် ပူးတွဲကြေညာချက်အပေါ် အခြေခံသည့် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားကြရန် သဘောတူညီလိုက်ကြောင်း သိရသည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့က ညှိနှိုင်းဆွေးနွေးမှုများအတွက် ကြိုတင်လိုအပ်သည့် အချက်တစ်ခုအနေဖြင့် အငြင်းပွားကျွန်းများကိုရုရှားပိုင်ဆိုင်သည့် ပိုင်နက်နယ်နိမိတ်အဖြစ် ဂျပန်နိုင်ငံကအသိအမှတ်ပြုရန်တိုက်တွန်းခဲ့သည်။ 

 

အင်န်အိတ်ချ်ကေ