၁၁ စက်တင်ဘာ

 

လူသားများ၏ ကြိုးပမ်းအားထုတ်မှု၊ စွန့်စားရှာဖွေမှုများကြောင့်  ကမ္ဘာ့သမိုင်းတွင် မှတ်တိုင်အမျိုးမျိုးစိုက်ထူနိုင်ခဲ့ပြီး ဖြစ်သည်။ ဖြစ်ပျက်ပြောင်းလဲနေသော လူ့ဘောင်လောကတွင် ဟုတ်မှန်သည့်အတိုင်း ဆင်ခြင်သုံးသပ်လေ့လာမှုပြုရန် လိုအပ်သကဲ့သို့ လူသားများကောင်းကျိုးအတွက် အမှန်တရားများနှင့် အကျိုးရလဒ်ကောင်းကို ရှာဖွေဖော်ထုတ်ရန်လည်း လိုအပ်သည်။

 

အဆိုးထဲမှအကောင်းကို ရှာဖွေတတ်ခြင်း၊ အတွေ့အကြုံထဲမှ အသိဉာဏ်ရယူတတ်ခြင်းတို့သည် လူ့သဘာဝဖြစ်ပြီး  ထိုအသိဉာဏ်မှသည် အတတ်ပညာပေါ်ထွန်းလာသည်။ အတွေ့အကြုံမှ အသိဉာဏ်ရရှိပြီး အသိဉာဏ်ဖြင့်  ရှေ့သို့မြော်ခေါ် ကြသည်။ စူးစမ်းကြသည်။ ရှာဖွေကြသည်။ တီထွင်ကြံဆကြသည်။ သို့နှင့်လူ့သမိုင်းသည် အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

ယနေ့မြို့ပြဖွံ့ဖြိုးတိုးတက်မှုများနှင့် ဖြစ်တည်နေသောကုန်းမြေ ကမ္ဘာ့ကိုက်ကြီးအချို့သည်ပင် များမကြာသောရာစုနှစ်များမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုလံဘတ်၊ ဗာစကိုဒဂါးမားတို့ကဲ့သို့ ဥရောပသားများသည် ပင်လယ်သမုဒ္ဒရာများသို့ စွန့်စားသွားလာခြင်းဖြင့်  နယ်မြေသစ်များကိုရှာဖွေခဲ့ကြသည်။ အမေရိကတိုက်၊ အိန္ဒိယကျွန်းစုများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။  ထိုမှတစ်ဖန်  ၂၀  ရာစုခေတ်၌  လကမ္ဘာ၊  အင်္ဂါဂြိုဟ်  စသည့်အာကာသ စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြပြန်သည်။

 

ကုန်းမြေ၊ အာကာသ နယ်ပယ်သစ်များကို စူးစမ်းရှာဖွေလေ့လာရခြင်း၏ ရည်ရွယ်ချက်မှာ သယံဇာတအရင်းအမြစ်များကို ရှာဖွေတွေ့ရှိလိုခြင်းသည် အဓိကအချက်ဖြစ်သည်။ ယနေ့ ၂၁ ရာစုခေတ်တွင် နည်းပညာဖြင့် ကုန်းမြေနယ်ပယ်သစ်ရှာဖွေရေး၊ အာကာသစူးစမ်းလေ့လာရေးနှင့် အခြေချရေးတို့သည် လူသားကောင်းကျိုးများကို များစွာဖြစ်ထွန်းရရှိနေပြီဖြစ်သည်။ ယခုအခါ  ဆက်လက်စူးစမ်းရှာဖွေရန်  လိုအပ်နေသေးသည့်  ပင်လယ်သမုဒ္ဒရာကြမ်းပြင် စူးစမ်းရှာဖွေရေးကို လုပ်ကိုင်လာကြပြန်သည်။

 

ယနေ့ကမ္ဘာပေါ်ရှိ ပင်လယ်သမုဒ္ဒရာများနှင့် ထိစပ်နေသောနိုင်ငံများသည်  ယင်းနိုင်ငံများ၏ကမ်းရိုးတန်းနှင့်  ရေမိုင် ၂၀ဝ  အထိပိုင်ဆိုင်ကြပြီး ရေပေါ်ရေအောက် သယံဇာတများကို ဆိုင်ရာ နိုင်ငံတို့က ပိုင်ဆိုင်ကြသည်။ ဤကမ္ဘာတွင် မြေထုပမာဏထက် ရေထုပမာဏမှာ ပိုမိုကြီးမားကျယ်ပြန့်ပြီး သယံဇာတများလည်း ပေါများကြွယ်ဝသည်။ ဆိုင်ရာရေမိုင် ၂၀ဝ မှအပ ကြီးမားကျယ်ပြန့်သော ပင်လယ်သမုဒ္ဒရာရေပြင်သည် နိုင်ငံတကာရေပိုင်နက်ဖြစ်သည်။ တစ်နည်းဆိုလျှင် အများဆိုင်ဖြစ်သည်။

 

နိုင်ငံများ၏ တရားစီရင်ပိုင်ခွင့် ပြင်ပဧရိယာ(နိုင်ငံတကာရေပြင်)ရှိပင်လယ်ကြမ်းပြင်၌   သယံဇာတများ  ရှာဖွေတူးဖော်ရာတွင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့၏  ဆောင်ရွက်ပိုင်ခွင့်နှင့်တာဝန်များ၊ သယံဇာတရှာဖွေတူးဖော်နိုင်ရေးအတွက် ကမကထပြုသည့်နိုင်ငံများနှင့် ရှာဖွေတူးဖော်သည့်အဖွဲ့အစည်းများ၏  ဝတ္တရားများနှင့်ပတ်သက်၍ အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအား အသိပညာပေးရန်၊ ပြင်ပဧရိယာရှိ ပင်လယ်ကြမ်းပြင်ဆောင်ရွက်မှုများတွင် တိုးမြှင့်ပါဝင်ခြင်းဖြင့်  ရရှိလာမည့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်မှု အခွင့်အလမ်းများရရှိစေရန် မြန်မာနိုင်ငံ၌ နိုင်ငံများလာရောက်ပူးပေါင်း ဆောင်ရွက်လာခြင်းသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အခွင့်အလမ်းကောင်းများဖြစ်စေသည်။

 

အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ (Interna-tional Seabed Authority -(ISA))တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၈ နိုင်ငံရှိရာ  ထိုအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်နေခြင်းသည် အခွင့်အလမ်း ကောင်းဖြစ်သည်။    ပင်လယ်ကြမ်းပြင်အရင်းအမြစ်များနှင့်    အဏ္ဏဝါ  စီးပွားရေးဆိုင်ရာ  အသိပညာပေးခြင်း၊ တီထွင်ကြံဆလုပ်ကိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအတွက်လည်း အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းလာမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ပင်လယ်ကြမ်းပြင် အရင်းအမြစ်များနှင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အ သိပညာပေး အလုပ်ရုံဆွေးနွေးပွဲများကို အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခွင့်ရရှိခြင်းသည်  မြန်မာနိုင်ငံအတွက်သာမက  နိုင်ငံအားလုံး၏ အကျိုးစီးပွားအတွက် ပင်လယ်သမုဒ္ဒရာဧရိယာကို စုပေါင်းစီမံခန့်ခွဲနိုင်မည့် နည်းလမ်းများအား   ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း။     ။  

 

ကြေးမုံ