၂၁ ဩဂုတ်

 

 

ဉရောပ နိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများအပြား ပြန်လည် တွေ့ရှိရပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အနေနဲ့ နိုင်ငံတိုင်းကနေ အသွားအလာ ကန့်သတ်မှု ပြဋ္ဌာန်းခြင်း မပြုလုပ်ဘဲ  ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ဖို့ ပြောကြား လိုက်ပါတယ်။

 

 

အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း ကြာသပတေးနေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၄၅ ဦး ရှိရာ မေလနောက်ပိုင်း အများဆုံး တွေ့ရှိရတဲ့ ပမာဏလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄,၇၀၀ ကြာသပတေးနေ့က တွေ့ရှိခဲ့ရာ ဗုဒ္ဓဟူးနေ့ကထက် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၀၀၀ နီးပါး တိုးခဲ့ကြောင်း သိရပါတယ်။

 

 

တချိန်တည်းမှာ စပိန်နိုင်ငံမှာ ကြာသပတေးနေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃,၃၄၉ ဦး ရှိကြောင်းနဲ့ ဂျာမနီနိုင်ငံမှာလည်း လူပေါင်း ၁,၇၀၇ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ် တွေ့ရှိသူ အရေအတွက်ဟာ ဧပြီလကုန်ပိုင်း သို့မဟုတ် မေလ နောက်ပိုင်းမှာ အများဆုံးပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ထုတ်လုပ်ရေး ဆေးကုမ္ပဏီတွေမှာ ကာကွယ်ဆေး ကြိုတင်မှာတဲ့ ပမာဏာဟာလည်း သန်းပေါင်းများစွာ ချီနေပြီလို့ သိရပါတယ်။ ဂျာမနီ ဆေးကုမ္ပဏီတစ်ခုမှ ကာကွယ်ဆေး ၂၂၅ သန်းကို ဉရောပသမဂ္ဂက အလိုရှိရာ ကြာသပတေးနေ့က သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

 

 

ဉရောပနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၃,၂၈၇,၂၅၉ ဦး ရှိပြီး သေဆုံးသူ ၂၀၄,၅၁၂ ဦး ရှိကြောင်း ဩဂုတ် ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP