၂၂ အောက်တိုဘာ
စပိန်နိုင်ငံဟာ ဗုဒ္ဓဟူးနေ့က ကူးစက်ခံရသူ အရေအတွက် ထုတ်ပြန်ပြီးနောက် ဉရောပနိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ သန်းကျော်သွားတဲ့ ပထမဦးဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်သွားတဲ့ နိုင်ငံဖြစ်လာပါတယ်။
ဗုဒ္ဓဟူးနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၆,၉၇၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁,၀၀၅,၂၉၅ ဦးရှိကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ပထမဦးဆုံး တစ်ယောက်ကို ဇန်နဝါရီ ၃၁ ရက်နေ့က တွေ့ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၃၄,၃၆၆ ဦးရှိကြောင်း၊ ၂၄ နာရီအတွင်း သေဆုံးသူ ၁၅၆ ဦး ရှိကြောင်း သိရပါတယ်။
လူဦးရေ ၄၇ သန်းနေထိုင်တဲ့ စပိန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကူးစက်သူ ဆဋ္ဌမမြောက်အများဆုံးနိုင်ငံအဖြစ် အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနဲ့ အာဂျင်တီးနားနိုင်ငံတို့နောက်မှာ တည်ရှိနေကြောင်း AFP မှတ်တမ်းအရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးက လာမယ့်သီတင်းပတ်တွေမှာ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် တင်းကျပ်တဲ့နည်းလမ်းတွေကို အသုံးပြုဖို့ စဉ်းစားနေကြောင်း၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့လို ညမထွက်ရအမိန့်မျိုး ထုတ်ပြန်ရန်အထိ စဉ်းစားနေကြောင်း၊ ဆောင်းရာသီထဲဝင်နေပြီဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းက ခြိမ်းခြောက်တဲ့အခြေအနေ မဟုတ်တော့ဘဲ ဉရောပအတွက် တကယ့်အခြေအနေဖြစ်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
MDN
ကိုးကား - AFP