ဇူလိုင် ၈

 ဉရုဂွေးနိုင်ငံ Treinta y Tres မြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် ယမန်နေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆယ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် မြို့အလယ်ပိုင်းရှိ လူနေရပ်ကွက်တွင် ဒေသစံတော်ချိန်မနက် ၆ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူဆယ်ဦးတွင် အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ပါဝင်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်နှင့် ကူညီဆောင်ရွက်ရန်  မိုတီဗစ်ဒရိုအရေးပေါ် စုံစမ်းစစ်ဆေးရေးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့်  မီးသတ်သမားများ ထိုနေရာသို့သွားရောက်ခဲ့ကြသည်။

လွန်ခဲ့သောသီတင်းပတ်ကစတင်ကာ အအေးလှိုင်းနှင့်ကြုံတွေ့နေရသောဉရုဂွေးနိုင်ငံတွင် မနက်အစောပိုင်း အပူချိန်  သုညဒီဂရီစင်တီဂရိတ်အောက်ရှိပြီး နေ့ခင်းပိုင်းအပူချိန်မှာ ၁၀ ဒီဂရီထက်ကျော်လွန်ခြင်းမရှိဟု သိရသည်။ ဉရုဂွေးအရှေ့ပိုင်းရှိ Treinta y Tres မြို့သည် မြို့တော်မိုတီဗစ်ဒရို၏အရှေ့မြောက်ဘက် ၂၈၈ ကီလိုမီတာအကွာတွင်ရှိပြီး  ယင်းမြို့တွင်နေထိုင်သူဦးရေ ၂၅၀၀၀ ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို