နယ်သာလန်နိုင်ငံအစိုးရ၏ ငွေကြေးအထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် မည့် ပန်းလှိုင်မြစ် ရေထိန်းတံခါး၏ ဖြစ်မြောက်နိုင်စွမ်းအဆင့် လေ့လာမှု၊ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းနှင့် အခြေခံဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံး ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (အထက်မြန်မာပြည်) ဒေါက်တာဇော်လွင်ထွန်း က အမှာစကားပြောကြားပြီး ပန်းလှိုင်မြစ်စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်သာလန်နိုင်ငံ တာဝန်ရှိသူများနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ ညွန်ကြားရေးမှူး ဒေါ်နုနုတင်တို့က ပန်းလှိုင်မြစ်ရေထိန်းတံခါး စီမံကိန်းဆိုင်ရာ ကနဦးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
“ရေထိန်းတံခါးကို လှိုင်မြစ်နဲ့ ပန်းလှိုင်မြစ်ဆုံတဲ့ ပန်းလှိုင်မြစ်ဝနဲ့ တွံ့တေးသွား ပန်းလှိုင်မြစ်ကူး တံတားနေရာ နှစ်နေရာမှာ ဘယ်နေရာမှာ ဆောက်မယ်ဆိုတာ လေ့လာဆန်းစစ်မှု တွေလုပ်နေပါတယ်။ နယ်သာလန်အစိုးရက နည်းပညာပိုင်းနဲ့ပတ်သက်ပြီး အစကတည်းက ကူညီပေးနေပါတယ်။ ပန်းလှိုင် ရေထိန်းတံခါးတည်ဆောက်မယ့် ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို နယ်သာလန်အစိုးရက ထောက်ပံ့မှာပါ။ တစ်ခြား ၅၀ ရာခိုင်နှုန်းကိုတော့ မြန်မာနိုင်ငံကို ထောက်ပံ့နေတဲ့ တစ်ခြားအဖွဲ့အစည်းတွေကို ဝန်ကြီးဌာနကနေတစ်ဆင့် တင်ပြတောင်းခံသွားဖို့ အစီစဉ်ရှိပါတယ်” ဟု ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ ညွန်ကြားရေးမှူး ဒေါ်နုနုတင်က ပြောသည်။
နယ်သာလန်နိုင်ငံ Strategic Advisor Water Infrastructure Development မှ Willem Mak က “နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူတွေက ပန်းလှိုင်မြစ်ရေထိန်းတံခါး စီမံကိန်းမှာ ကနေဦးအနေနဲ့ လေ့လာမှုအစီရင်ခံစာ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ချက် အစီရင်ခံစာနဲ့ ဒီဇိုင်းတွေကိုလုပ်နေပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ထွက်ပေါ်လာတဲ့ ရလာဒ်အပေါ်မူတည်ပြီး ရှေ့ဆက်ပြီး အများအတွက် အကျိုးရှိမယ်ဆိုရင် နယ်သာလန်အစိုးရအနေနဲ့ ၅၀ ရာခိုင်နှုန်း ငွေကြေးထောက်ပံ့သွားမယ်” ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပန်းလှိုင်မြစ်ရေထိန်းတံခါး တည်ဆောက်ပြီးစီးသွားပါက ပန်းလှိုင်မြစ် အတွင်း ရေချိုများကို သိုလှောင်နိုင်မည်ဖြစ်ပြီး ယင်းရေချိုများကို ပန်းလှိုင်မြစ်ကြောင်း ဘေးဝဲယာရှိ စိုက်ပျိုးမြေဧရိယာများအတွက် စိုက်ပျိုးရေပေးဝေနိုင်ရုံသာမက ပန်းလှိုင်မြစ်နှင့် တွံတေးတူး မြောင်းအကြား ဧရိယာတွင် ရန်ကုန်မြို့တော်တိုးချဲ့လာပါက သောက်သုံးရေ ဖြန့်ဖြူးပေးဝေသွားနိ်ုင်မည် ဖြစ်သည့်အပြင် မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံများနှင့် လှိုင်သာယာစက်မှုဇုန်သို့လည်း ရေလုံလောက်စွာ ဖြန့်ဖြူးပေးဝေသွားနိုင်မည်ဖြစ် ကြောင်းသိရသည်။
ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နုနုတင်က “အဓိက ကရေချိုလှောင်ဖို့။ ရေချိုလှောင်တဲ့နေရာမှာလည်း ဆည်မြောင်းဖြစ်တဲ့ အတွက်ကြောင့် သီးနှံတွေကို ရေပေးရေး တစ်ခုတည်းမကပါဘူး။ လှောင်လို့ရလာတဲ့ ရေတွေကို အနီးနားမှာရှိတဲ့ ဒေသခံတွေကိုလည်း အိမ်သုံးရေပေးဝေမှာပါ။ လှိုင်သာယာစက်မှုဇုန်တွေကိုလည်း ရေပေးဝေမှာပါ။ နောက်ပြီး ရေဘေးကာကွယ်ရေးနဲ့ ရေကြောင်းသွားလာရေးအတွက် အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပြီး ရေထိန်းတံခါးတည်ဆောက်ပါ” ဟုပြောသည်။
နိုင်ငံတော်ဘတ်ဂျတ်ဖြင့်လည်း ပန်းလှိုင်မြစ်ကမ်းပါးပေါ်ရှိ စိုက်ပျိုးမြေဧရိယာများရေ လွှမ်းမိုးခြင်းမှ ကာကွယ်ရန်၊ စိုက်ပျိုးရေးအတွက် လိုအပ်သောရေများကို ပန်းလှိုင်မြစ်အတွင်း သိုလှောင်ထားနိုင်ရန်အတွက် ပန်းလှိုင်မြစ်ကြောင်းအဆင့်မြှင့် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် ပန်းလှိုင်မြစ်၏ ဧရာဝတီတိုင်း ဒေသကြီးဘက်ခြမ်းတွင် မယ်ဇလီ(၂) ရေထိန်းတံခါး တည်ဆောက်ခြင်း များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနရုံးမှ သိရသည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ် MNA)