၄ နိုဝင်ဘာ

 

နယ်သာလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှု ထိန်းချုပ်ရန် အသွားအလာကန့်သတ်တဲ့ အနေနဲ့ ပြတိုက်တွေ၊ ရုပ်ရှင်တွေနဲ့ တခြားသော ဖျော်ဖြေရေးနေရာတွေကို သီတင်းနှစ်ပတ် ပိတ်ထားရန် ဝန်ကြီးချုပ် မက် ရုတီက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

 

အမ်စတာဒမ်မှာရှိတဲ့ ကမ္ဘာကျော် ဗန်ဂိုး ပြတိုက်အပါအဝင် ပြတိုက်တွေကို ပိတ်မှာဖြစ်ကြောင်း၊ ကွန်မြူနတီစင်တာတွေ၊ ရုပ်ရှင်ရုံတွေနဲ့ တိရစ္ဆာန်ဉယျာဉ်တွေကိုလည်း ပိတ်ရမှာဖြစ်ကြောင်း၊ နေအိမ်တွေမှာ ဧည့်သည် ၂ ဦးထက် ပိုပြီး လက်မခံရကြောင်း အင်္ဂါနေ့က ကြေညာတဲ့အမိန့်မှာ ပါရှိပါတယ်။

 

နယ်သာလန်အစိုးရက နိုင်ငံသားတွေအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်အထိ တခြားနိုင်ငံတွေကို သွားရောက်လည်ပတ်ခြင်းမပြုရန် အကြံပြုထားပါတယ်။

 

ဝန်ကြီးချုပ်က အခုလို ကန့်သတ်ရတာ အင်မတန် ခက်ခဲပေမယ့် တခြားနည်းလမ်းမရှိတဲ့အတွက် တားမြစ်ရတာဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့အရေအတွက် လျော့ကျဖို့ အတွက် ဖြစ်ကြောင်း ပြောပါတယ်။

 

နယ်သာလန်နိုင်ငံဟာ ဉရောပနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု တားဆီးရေးအတွက် တခြားနိုင်ငံတွေထက် လွတ်လပ်မှု ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့က စပြီး စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ဆေးခြောက်ရောင်းတဲ့ ဆိုင်တွေကို အကန့်အသတ်နဲ့ ရောင်းချခွင့်ပေးခဲ့ပြီး မျက်နှာဖုံးနှာခေါင်းစည်းဟာ ဝတ်ကိုဝတ်ဆင်ရမယ့် ပစ္စည်းဖြစ်လာတာကို တွေ့ရပါတယ်။

 

အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၇,၇၇၆ ဦးနဲ့ သေဆုံးသူ ၁၁၃ ဦးရှိကြောင်း ၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃၇၅,၈၉၀ နဲ့ သေဆုံးသူ ၇,၅၇၆ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN

ကိုးကား - AFP