နေပြည်တော် ၁၆  ဇွန်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နယ်သာလန် သံအမတ်ကြီး မစ္စတာ ဝေါ်တာ ရောဘတ် မာရီ ဂျာဂန် ၏နေရာတွင် မစ္စစ် အင်န် အဲလစ်ဇဘက် လုဝီမား အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘော တူညီပြီးဖြစ်သည်။ ။

 

မစ္စစ် အင်န် အဲလစ်ဇဘက် လုဝီမား အား ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလတွင် မွေးဖွားခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ၎င်းသည် University of Leiden (RUL) မှ တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ရှန်ဟိုင်းမြို့ရှိ Fudan University ၌ စီးပွားရေး ဘာသာရပ်ကိုလည်းကောင်း၊ ၁၉၈၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ Mandarin Training Institute Taipei ၌လည်းကောင်း ပညာဆည်းပူးခဲ့သည်။

 

၎င်းသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရှန်ဟိုင်းမြို့နှင့် ကွမ်ကျိုးမြို့များရှိ နယ်သာလန် ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ဆိုးလ်မြို့ရှိ နယ်သာလန်သံရုံးတွင် ရာထူးအဆင့်ဆင့်ဖြင့် လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်မှစတင်၍ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြောက်အာဖရိက နှင့် အရှေ့အလယ်ပိုင်းဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

၎င်းသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သားသမီးနှစ်ဦးရှိသည်။

 

သတင်းစဉ်