၆ ဒီဇင်ဘာ
မင်္ဂလာအခမ်းအနားတွေကို သုံးရက်ကြာပြုလုပ်ခဲ့ကြတဲ့ ကြယ်ပွင့်စုံတွဲ နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယင်ကာချိုပရာတို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ နယူးဒေလီမှာ မင်္ဂလာဧည့်ခံပွဲပြုလုပ်ခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဒီမင်္ဂလာပွဲကိုတော့ ကြယ်ပွင့်စုံတွဲရဲ့ နှစ်ဖက်အသိုင်းအဝိုင်းအပြင် အိန္ဒိယဝန်ကြီးချုပ်နဲ့ ဘောလိဝုဒ်ကြယ်ပွင့်တွေပါ တက်ရောက်အားပေးခဲ့ကြတာ တွေ့ရပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပရီယင်ကာချိုပရာနဲ့ ၂၆ နှစ်အရွယ် နစ်ခ်ဂျိုးနက်စ်တို့ဟာ ယခုနှစ် နှစ်စပိုင်းမှာ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်က အော်စကာပါတီကို အတူတွဲကာ တက်ရောက်ခဲ့ကြပြီးနောက် ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ စတင်ပေါ်ထွက်လာခဲ့တာပါ။ ဒါပေမယ့် အစပိုင်းမှာတော့ သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြောင်း အတည်ပြုခဲ့ခြင်းမရှိပါဘူး။ နောက်ပိုင်းမှာတော့ တွဲသွားတွဲလာတွေ့ရပြီး လူမှုကွန်ရက်မီဒီယာ ပေါ်ကနေတစ်ဆင့် ချစ်သူတွေဖြစ်နေကြောင်း ဖော်ပြခဲ့ကြတာပါ။ ချစ်သူသက်တမ်း အချိန်တိုအတွင်းမှာပင် စေ့စပ်ခဲ့ကြပြီး လက်ထပ်ပွဲကိုပါ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အေးပြည့်