ရန်ကုန် ၁၃ ဖေဖော်ဝါရီ
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Karol Bangh အရပ်ရှိ Arpit Hotel တွင် ယမန်နေ့ နံနက် ဒေသစံတော်ချိန် ၄ နာရီခွဲက မီးလောင်မှုဖြစ်ပွားစဉ်တွင် သေဆုံးသွားသည့် မြန်မာလူမျိုးနှစ်ဦး၏ ရုပ်အလောင်းအား မိသားစုဝင်များ၏ဆန္ဒအရ ပြန်လည်သယ်ယူခွင့်ရရှိရန် ကြိုးပမ်းနေကြောင်း သိရသည်။

သေဆုံးသူများမှာ တိုက်ကြီးမြို့မှ ဒေါ်လှမေ (၆၆ နှစ်)နှင့် ဒေါ်မြမြထွေး (၄၄ နှစ်) တို့ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အတည်ပြုပေးခဲ့ပြီး ယခုအခါ ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးများကို အကြောင်းကြားထားကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

မီးခိုးမွှန်ပြီးသေဆုံး
"ကျွန်မတို့အားလုံးလည်း စိတ်မကောင်းဖြစ်ရပါတယ်။ အိန္ဒိယက မြန်မာသံရုံးက အတည်ပြုပြီးပြီးချင်း တိုက်ကြီးမြို့ကိုသွားပြီး သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေလီမှာရှိတဲ့ ကျွန်မတို့အဖွဲ့တွေနဲ့ မိတ်ဆွေတွေရဲ့ ပြောကြားချက်အရ သူတို့နှစ်ဦးဟာ မီးခိုးတွေမွှန်ပြီး သေဆုံးသွားရတယ်လို့ သိရပါတယ်။ အခုလို မတော်တဆမှုမှာ ပါသွားရတဲ့အတွက် လည်း ကျွန်မတို့ တတ်နိုင်သလောက် ကူညီပေးသွားဖို့ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ နောက်အမျိုးသမီးတစ်ဦးကိုလည်း တယ်လီဖုန်းနဲ့ ဆက်သွယ် အားပေးထားပါတယ်။ သူကတော့ ခုန်ချတဲ့အရှိန်နဲ့ လက်ကို ထိခိုက်သွားပါတယ်။ မြန်မာသံရုံးကလည်း ကျွန်မတို့ အဖွဲ့တွေကို အားပေးပြီး အစစအရာရာ အကူအညီတွေ ပေးနေပါတယ်" ဟု ရွှေမှီဗုဒ္ဓဂယာ မြန်မာဘုရားဖူးအဖွဲ့ ခေါင်းဆောင် ဒေါ်နီနီဝင်းက ပြောသည်။

အဆိုပါဟိုတယ်သည် နယူးဒေလီ မြို့တွင် နာမည်ရဟိုတယ်တစ်ခု ဖြစ်ကြောင်း၊ အထပ်ငါးထပ်ရှိပြီး အပေါ်ဆုံးထပ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် ကာ နံနက် ၇နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ တည်းခိုသူ ၆၀ ကျော်မှာ အခန်းပေါင်း ၃၅ ခန်းအတွင်း ရှိနေကြပြီး မီးငြိမ်းသွားချိန်တွင် သေဆုံးသူ ၁၇ ဦး ရှိကာ လူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် အပေါ်ထပ်မှခုန်ချခဲ့သူနှစ်ဦး ပါဝင် ကြောင်း Newsindia ရုပ်သံလိုင်းတွင် ဖော်ပြထားသည်။ "သေဆုံးသူရဲ့ မိသားစုဝင်တွေ ဆန္ဒအရ အလောင်းကိုပြန်လည် သယ်ဆောင်ဖို့တော့ အကျိုးဆောင် ပေးနေပါတယ်" ဟု ဒေါ်နီနီဝင်းက ဆက်လက်ပြောကြားသည်။

အကူအညီများ ပေးခဲ့
အခင်းဖြစ်ပွားရာသို့ နယူးဒေလီမြို့ မြန်မာသံရုံး၊ ကောင်စစ်ရေးရာဌာန တာဝန်ခံ ပထမအတွင်းဝန် ဒေါ်မို့၊ ပထမအတွင်းဝန် ဒေါ်ခင်မာသီ၊ ဒုတိယအတွင်းဝန် ဦးကောင်းဖြိုးဝင့်နှင့် သံရုံးဝန်ထမ်းများ သွားရောက်၍ ဆေးရုံတက်လူနာနှင့် သေဆုံးသူဘုရားဖူးခရီး သည်များအတွက် လိုအပ်သည့် အကူအညီများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အာမခံထားရှိခြင်းမရှိ
အဆိုပါ ခရီးသွားအဖွဲ့သည် ခုနစ်ဦး ပါဝင်ပြီး ကျန်ရှိသည့် မြန်မာနိုင်ငံသား လေးဦးမှာ Hotel Metro View တွင် တည်းခိုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ သားများအတွက် သံရုံးဝန်ထမ်းများ၊ မြန်မာဘုန်းကြီးကျောင်းများက အကူအညီများပေးအပ်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် မီးလောင်မှုကြောင့် သေဆုံးသွားသူများမှာ နိုင်ငံတကာခရီးသွား အာမခံထားရှိခြင်း မရှိကြောင်းလည်း သိရသည်။
ခင်ရတနာ
ဓာတ်ပုံ -Newsindia channel