၁၄ ဒီဇင်ဘာ

 

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က နယူးဇီလန်နဲ့ ဩစတြေးလျ အပြန်အလှန်ခရီးသွားလာခွင့်ကို ၂၀၂၁ ခုနှစ်အစောပိုင်းမှာ ပြန်လည်စတင်ရန် မျှော်မှန်းထားတယ်လို့ ဒီနေ့ (တနင်္လာနေ့) မှာ ပြောကြားလိုက်ပါတယ်။

 

နှစ်နိုင်ငံကြား ခရီးသွားလာခွင့်ကို quarantine ဝင်စရာမလိုဘဲ သွားလာခွင့်ရှိမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်ရဲ့ ပထမသုံးလအတွင်း စတင်နိုင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ် အာဒန်က ပြောပါတယ်။

 

နယူးဇီလန်နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို မတ်လကစပြီး နိုင်ငံတာကာက ဆိုက်ရောက်လာတဲ့ခရီးသွားတွေ အားလုံးကို သီတင်းနှစ်ပတ် သီးသန့်နေထိုင်ဖို့ လိုအပ်တာကို တွေ့ရပါတယ်။

 

လူဦးရေ ၅ သန်းနေထိုင်တဲ့ နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ၂၅ ဦး သေဆုံးကြောင်း သိရပါတယ်။

 

ဩစတြေးလျနိုင်ငံက နယူးဇီလန်နိုင်ငံကနေ လာရောက်သူတွေကို အောက်တိုဘာလကစပြီး quarantine ဝင်စရာမလိုဘဲ လက်ခံပေမယ့် နယူးဇီလန်နိုင်ငံကတော့ ဩစတြေးလျကနေ လာရောက်သူတိုင်း ၁၄ ရက်တိ quarantine နေထိုင်ရကြောင်း သိရပါတယ်။ 

 

နယူးဇီလန်နိုင်ငံက လာမယ့်နှစ်ရဲ့ ပထမသုံးလအတွင်းမှာ ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ကွတ်ခ်ကျွန်းနဲ့လည်း အပြန်အလှန် quarantine ဝင်စရာမလိုဘဲ သွားလာခွင့်ပြုဖို့ ပြင်ဆင်ထားကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့ပါတယ်။

 

MDN

ကိုးကား - AFP