၁၂ ဩဂုတ်

 

 

နယူးဇီလန်မှာ ဗိုင်းရပ်စ် ကူးစက်မှု ပြန်လည် တွေ့ရှိတဲ့အတွက်  တစ်နိုင်ငံလုံးရှိ ဘိုးဘွားရိပ်သာတွေကို အသွားအလာ ပိတ်လိုက်ပြီလို့ သိရပါတယ်။

 

 

ဒါ့အပြင် နယူးဇီလန်နိုင်ငံက အကြီးဆုံး မြို့ဖြစ်သော လူဦးရေ ၁.၅ သန်း နေထိုင်တဲ့ အော့ကလန်းမြို့ကို သုံးရက်တိတိ အိမ်မှာပဲနေရန် အမိန့်ကို အင်္ဂါနေ့ ညပိုင်းက ထုတ်ပြန်လိုက်ပြီး အဲဒီအမိန့်ဟာ ဒီနေ့ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်းမှာ စတင် အသက်ဝင်မယ်လို့ သိရပါတယ်။ 

 

 

ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ဗိုင်းရပ်စ်ပိုး ပြန်လည် ကူးစက်မှုကြောင့် နောက်လမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်း သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

 

နယူးဇီလန် နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိတာ ရက်ပေါင်း ၁၀၂ ရက်ဟာ မနေ့က ပြီးဆုံးခဲ့ပါတယ်။

 

 

နိုင်ငံရဲ့ နယ်စပ်တွေမှာ ဗိုင်းရပ်စ်ပိုးကို ထိန်းသိမ်းရန် သီးသန့်ခွဲခြား စောင့်ကြည့်ရေး စခန်းတွေမှာ နိုင်ငံကို ဝင်လာသူတိုင်းကို ထားရှိခဲ့ပေမယ့် အော့ကလန်း မြို့ခံ လေးဉီးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့အတွက် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေရဲ့ သွားလာတဲ့ ခရီးစဉ် လမ်းကြောင်းပါ လိုက်ရှာနေကြောင်း သိရပါတယ်။  

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဗဟိုချက် ဖြစ်လာနိုင်တဲ့အတွက် တစ်နိုင်ငံလုံးရှိ ဘိုးဘွားရိပ်သာတွေကို ကျန်းမာရေး ဝန်ကြီးဌာနက အသွားအလာ ကန့်သတ်လိုက်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

ဝန်ကြီးက ဘိုးဘွားရိပ်သာတွေမှာ နေထိုင်တဲ့သူ ရှိတဲ့ မိသားစုဝင်တွေ အတွက်လည်း အခု ထုတ်ပြန်ချက်ဟာ အခက်အခဲ ဖြစ်စေမယ်ဆိုတာ သိပေမယ့် သူတို့ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ခက်ခဲတဲ့ နည်းလမ်းကို ရွေးလိုက်ရတာဖြစ်ကြောင်း ပြောပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ပြန်လည် တွေ့ရှိတဲ့အတွက် ဈေးဝယ်နေတဲ့ လူအုပ်နဲ့ ဗိုင်းရပ်စ်ပိုး စစ်ဆေးရေး စခန်းတွေမှာ လူစုလူဝေးတွေကို တွေ့ရှိနေရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု မထိန်းချုပ်နိုင်ခဲ့ရင် စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်နိုင်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြံပြုချက်ကို တောင်းခံထားကြောင်း၊ ဖြစ်လာမယ့် အရာတွေကို လက်ခံဖို့ ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

ဒါပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် မချရသေးကြောင်း ဆက်ပြောပါတယ်။

 

 

လူထုသဘောထားအရ ဝန်ကြီးချုပ် အာဒန်ရဲ့ ပါတီဟာ လူကြိုက်များနေပြီး ဒုတိယအကြိမ် အနိုင်ရနိုင်ကြောင်း ခန့်မှန်းချက်တွေကလည်း ရှိနေပါတယ်။

 

 

MDN

ကိုးကား- AFP