၁၅ မတ်
နယူးဇီလန်နိုင်ငံ ခရိုက်စ်ချက်မြို့မှာရှိတဲ့ ဗလီ နှစ်ခုကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားတစ်ဦးက facebook မှာ ပစ်ခတ်နေပုံ live လွှင့်ခဲ့ကြောင်း သိရပါတယ်။ live လွှင့်ချိန်ဟာ ၁၆ မိနစ်ကျော်ကြာခဲ့ပြီး Brenton Tarrant အမည်နဲ့ အကောင့်ကနေ လွှင့်ခဲ့တာဖြစ်ပြီး မကြာခင်မှာ facebook က ဖျက်ချလိုက်ပါတယ်။
အဲဒီဗီဒီယိုကို နဖူးတပ်ကင်မရာကို အသုံးပြုပြီးရိုက်ခဲ့ပါတယ်။ ခရိုက်စ်ချက်ရှိ အယ်နူး ဗလီဝင်း ရှိ ကားရပ်နားရေး စခန်းမှာ ကားရပ်ခဲ့ပြီး ဗလီထဲကို လမ်းလျှောက်ဝင်သွားရာ ဝင်ပေါက် တံခါးကနေ စတင်ပစ်ခတ်ခဲ့ပါတယ်။ သေနတ်သမားဟာ ဗလီထဲမှာ မိနစ်အနည်းငယ်ကြာပြီး ကျည်ဆံအသစ်တွေ ထပ်ဖြည့်ပြီး ပစ်ခတ်ခဲ့ပါတယ်။ ဗလီထဲကနေ ပြန်အထွက် ကားရပ်ထားတဲ့ဆီပြန်လာပြီး ကားထဲကနေ နောက်ထပ် သေနပ်တစ်လက်ယူပြီး ဗလီအပြင်ရှိ လမ်းပေါ်က လူတွေကို ပစ်ခဲ့ပြီး လဲကျနေတဲ့ လူခန္ဓာကိုယ်တွေကို စနစ်တကျ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် ကားမောင်းပြီး ပြန်ထွက်ရာ ဗလီရှေ့လမ်းက ဖြတ်သွားတဲ့ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ပစ်သတ်ခံရတဲ့ အမျိုးသမီးဟာ အကူအညီတောင်းဖို့ ခေါ်နေတဲ့အတွက် ကားမှန်ကနေ ပစ်ခတ်ပြီး အခင်းဖြစ်ပွားရာကနေ ထွက်ခွာသွားပါတယ်။
နယူးဇီလန် ရဲတပ်ဖွဲ့ဟာ အင်တာနက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ကို ဖြုတ်ချဖို့ လုပ်နေကြောင်း ပြောပါတယ်။ facebook က အဲဒီပစ်ခတ်မှုဗီဒီယိုကို ဖြုတ်ချပြီးကြောင်း နဲ့ အဲဒီပစ်ခတ်မှုကို ထောက်ခံတဲ့ စာမှန်သမျှကိုလည်း ဖျက်ပစ်ကြောင်း ပြောကြားပါတယ်။
ဗလီနှစ်ခုကို ပစ်ခတ်ခံရတဲ့အတွက် အနည်းဆုံး လူ ၄၉ သေဆုံးပြီး ၂၀ ဦးကျော်ဟာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ကနဦး သတင်းအရ သိရပါတယ်။
MDN