ဝယ်လင်တန် မတ် ၂
နယူးဇီလန်နိုင်ငံတွင် နိုင်ငံသားများအကြား ဉာဏ်ရည်တုနည်းပညာ အသုံးပြုမှုက လူမှုအသိုက်အဝန်းအပေါ် အကျိုးသက်ရောက်မှုများရှိလာခြင်းအား စိုးရိမ်ပူပန်မှုများ မြင်တက်လာကြောင်း သိရသည်။
နိုင်ငံသား ငါးဦးလျှင် လေးဦးသည် ဉာဏ်ရည်တုနည်းပညာကိုသုံးစွဲ၍ အွန်လိုင်းတွင် လိုအပ်သည့် အရာများရှာဖွေခြင်း၊ မေးခွန်းများ ဖြေဆိုခြင်းနှင့် စာတမ်းများရေးသားရာတွင် အကူအညီတောင်း ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။ သို့ရာတွင် အွန်လိုင်းတွင် ဉာဏ်ရည်တုနည်းပညာကို သုံးစွဲ၍ မသင့်လျော်သည့် အကြောင်းအရာများကို မသမာသူများက ဖန်တီးနေသဖြင့် စိုးရိမ်ပူပန်မှုများရှိကြောင်း နိုင်ငံသားများ၏ ၅၂ ရာခိုင်နှုန်းက ထောက်ပြကြပြီး ၆၄ ရာခိုင်နှုန်းက ဉာဏ်ရည်တု နည်းပညာဖြင့် ကိုယ်ရေးအချက်အလက်များ တရားမဝင်ရယူခြင်းနှင့် အသိဉာဏ်မူပိုင်ခွင့်များအပေါ် ချိုးဖောက်မှုများရှိနေပြီး အရေးယူနိုင်ရန် လုံလောက်သည့် ဥပဒေများမရှိခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။
ဉာဏ်ရည်တုနည်းပညာသည် လက်ရှိအချိန်တွင် ရထားလမ်းများ လုံလုံလောက်လောက် ဖောက်လုပ်ခြင်းမရှိဘဲ ဘူတာမှ ထွက်လာသည့် ရထားနှင့်တူနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဉာဏ်ရည်တုနည်းပညာသုံးစွဲခြင်းဖြင့် အင်တာနက်ပေါ်တွင် လူမှုအသိုက်အဝိုင်းအား ထိခိုက်မှုမှကာကွယ်ရန် အစီအမံများ လုံလုံလောက်လောက်မရှိသဖြင့် ၎င်းအချက်ကို ထိန်းသိမ်းဆောင်ရွက်ရမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ကမ္ဘာ့နိုင်ငံများတွင် ဉာဏ်ရည်တုနည်းပညာ သုံးစွဲမှုများလာသည်နှင့်အမျှ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် စည်းမျဉ်းများ ပြဋ္ဌာန်းလာကြကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


