၂၄ ဩဂုတ်

 

နယူးဇီလန်နိုင်ငံ အကြီးဆုံးအော့ကလန်းမြို့မှာ ပျံ့နှံ့ကူးစက်နေတဲ့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် ပြဋ္ဌာန်းထားတဲ့ အသွားအလာ ကန့်သတ်မှုကို ရက်တိုးရန် ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် က ဒီနေ့(တနင်္လာနေ့) မှာ ကြေညာလိုက်ပါတယ်။

 

အော့ကလန်းမှာ ချမှတ်ထားတဲ့ အိမ်မှာနေရန်အမိန့်ဟာ မူလက ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂၆ ရက်) ညပိုင်းကုန်ဆုံးမှာဖြစ်ပေမယ့် တနင်္ဂနွေနေ့ ညပိုင်း (ဩဂုတ် ၃၀ရက်) အထိ တိုးမြှင့်ပြဋ္ဌာန်းကြောင်း သိရပါတယ်။

 

အော့ကလန်းမြို့မှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုးကူးစက်မှု ပြန်လည်ဖြစ်ပေါ်လာတဲ့အတွက် ပြည်တွင်းကူးစက်မှု မရှိတဲ့ ရက်ပေါင်း ၁၀၂ ရက် ပြီးဆုံးပြီး ဩဂုတ် ၁၂ ရက်နေ့က စပြီး အသွားအလာ ကန့်သတ် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

 

ထပ်တိုး လေးရက်ကြောင့် လူတိုင်းဟာ ယုံကြည်ချက်တွေ ပိုရှိလာပြီး အော့ကလန်းမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်မှု အဆင့်နှစ်မှာ ဆက်လက်ရှိသွားနိုင်ကြောင်းနဲ့ အဲဒီအဆင့်နှစ်ကို စက်တင်ဘာ ၆ ရက် တနင်္ဂနွေညပိုင်းအထိ အကျူံးဝင်မှာ ဖြစ်ပါတယ်။

 

နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက်  အဆင့်လေးဆင့် ရှိပါတယ်။ အဆင့်နှစ်မှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးနဲ့ သတ်မှတ်ထားတဲ့ လူဦးရေသာ စုဝေးခွင့် ရှိတာ ဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်က အများသုံးယာဉ်များနဲ့ လေယာဉ်ပျံပေါ်တွေမှာပါ မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမယ်လို့ ဆိုပါတယ်။

 

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၆၈၃ ဦး နဲ့သေဆုံးသူ ၂၂ ဦး ရှိကြောင်း၊ လူပေါင်း ၁,၅၃၈ ဦး ပြန်လည် ကျန်းမာလာတဲ့အတွက် လူပေါင်း ၁၂၃ ဦးသာ ကုသမှု ခံယူနေပါတယ်။

 

MDN

ကိုးကား - AFP

 

mdn