မေ ၉
နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တွင် ရေကြီးရေလျှံမှုနှင့်မိုးသည်းထန်စွာရွာသွန်းမှုတို့ဖြစ်ပွားပြီးနောက် ယနေ့တွင် ဒေသတွင်းအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံ၏အကြီးမားဆုံးမြို့ဖြစ်သော အော့ကလန်တွင် ယခုနှစ်အတွင်း ရာသီဉတုဆိုးရွားမှုကြောင့် တတိယအကြိမ်မြောက် အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်သည်။
ကျွန်းမြောက်ပိုင်းဒေသအများအပြားတွင် သတိထားစောင့်ကြည့်ကြရန်နှင့် ရာသီဉတုဆိုင်ရာသတိပေးချက်များကို မိုးလေဝသအေဂျင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
ကျွန်းမြောက်ပိုင်းတွင် ဇန်နဝါရီလက ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလက ဂါဘရီလီဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့သည်။
အော့ကလန်ဒေသတွင် ရေကြီးရေလျှံမှုကြောင့် အစိုးရက ထောက်ပံ့ရေးအဆင့်တိုးမြှင့်သွားမည်ဖြစ်ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီးက ပြောကြားသည်။
ယခုနှစ်ပထမနှစ်လအတွင်း ဆိုင်ကလုန်းမုန်တိုင်းဂါဘရီလီတိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံမှုတို့ဖြစ်ပွားသောကြောင့် ပျက်စီးမှုကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၁ ဘီလီယံနှင့် ၉ ဒသမ ၁၉ ဘီလီယံကြားရှိသည်ဟု အစိုးရက ခန့်မှန်းတွက်ချက်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို