၁၅ မတ်
နယူးဇီလန်နိုင်ငံ ခရိုက်စ်ချက် မြို့မှာရှိတဲ့ ဗလီ နှစ်ခုကို ဒီကနေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းက သေနတ်နဲ့ တိုက်ခိုက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၄၀ သေဆုံးပြီး ၂၀ ဦး ကျော် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ကနဦး သတင်းအရ သိရပါတယ်။
လက်ရှိအချိန်အထိ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံထားရတဲ့ တစ်ဦးဟာ သြစတြေးလျနိုင်ငံသားဖြစ်ကြောင်း သတင်းထွက်လာ အပြီးမှာ အဖမ်းခံထားရသူဟာ လက်ယာအစွန်းရောက် အကြမ်းဖက်သူတစ်ယောက် ဖြစ်တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ပြောကြားပါတယ်။
နယူးဇီလန် ဝန်ကြီးချုပ်က ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုဟာ နိုင်ငံအတွက် အကျည်းတန်တဲ့ ဖြစ်ရပ်ဖြစ်တယ်။ အခုလို အကြမ်းဖက်မှုကို လက်မခံဘူး။ လူမျိုးရေးခွဲခြားမှုတွေကို ရှုတ်ချတယ်။ နယူးဇီလန်နိုင်ငံမှာ လူမျိုးပေါင်း ၂၀ဝ ကျော်နဲ့ ဘာသာစကားပေါင်း ၁၆၀ ကျော်ရှိတဲ့အတွက် ကွဲပြားမှုတွေကို လက်ခံတဲ့ နိုင်ငံဖြစ်တယ်။ ဒီလိုအရာတွေကို တန်ဖိုးထားတဲ့ နိုင်ငံမှာ အခုလို တိုက်ခိုက်မှုတွေကြောင့် ယိမ်းယိုင်သွားအောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ခရိုက်စ်ချက်မြို့ရှိ ဗလီ နှစ်ခုမှာ သောကြာနေ့ နေ့လယ်ပိုင်း ဝတ်ပြုချိန်လည်းဖြစ် ဘင်္ဂလားဒေ့ရှ် ခရစ်ကတ် အသင်းကလည်း ဗလီကို ရောက်ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှုဖြစ်တာဖြစ်ပါတယ်။
MDN
ကိုးကား - AFP